မူဆယ် ၅ ဇန်နဝါရီ
ဇန်နဝါရီ ၅ ရက် နံနက် ၉ ခွဲတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ဟိုနောင်ကျေးရွာလမ်းခွဲ၊ ကျင်စန်းကျော့လမ်းအတိုင်း မောင်းနှင်လာသည့် YGN ----- နံပါတ်ပါ ISUZU အမျိုးအစား အဖြူရောင် (၁၂) ဘီးယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်းမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက တပ်မတော်သားများနှင့် မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ ဟိုနောင်ကျေးရွာလမ်းခွဲ၊ ကျင်စန်းကျော့လမ်းအတိုင်း ယာဉ်မောင်း တွမ်ရင်ရိန်းနှင့် ယာဉ်နောက်ပါ ရန်ဆိုင်လျန် မောင်းနှင်လာသည့် YGN ---- နံပါတ်ပါ ISUZU အမျိုးအစား အဖြူရောင်(၁၂) ဘီးယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်းမှ ကဖင်းဟုယူဆရသော အဖြူရောင်အမှုန့် အလေးချိန် (၂၅)ကီလိုစီပါ အဖြူရောင်ပီနံအိတ် (၉၀)၊ အညိုရောင်ပီနံအိတ် (၈၀) စုစုပေါင်းကဖင်း အလေးအချိန် (၄၂၅၀) ကီလို၊ တစ်ကီလိုလျှင် ငွေကျပ် (၇၅၀၀၀) နှုန်းဖြင့် ကာလတန်ဖိုး ငွေကျပ် (၃၁၈၇) သိန်းကျော်အားလည်းကောင်း၊ စက္ကူပုံးဝိုင်းရှည်အတွင်း အဖြူရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသော အမိုနီယမ်ဂလိုရိုက်ဟု ယူဆရသည့် အဖြူရောင်အမှုန့် အလေးချိန် (၂၅) ကီလိုစီပါ (၇၀) ပုံး စုစုပေါင်းအလေးချိန် (၁၇၅၀) ကီလို၊ တစ်ကီလိုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ကာလတန်ဖိုး ငွေကျပ် (၃၅၀) သိန်းအားလည်းကောင်း၊ စတီးဘွိုင်လာအိုးအကြီး (၁)လုံး၊ စတီးဘွိုင်လာအိုးသေး (၁)လုံး၊ စတီးပေါင်းအိုးခံအိုး (၁)လုံး၊ လေးထောင့်စတီးတိုင်ကီ (၁)လုံး၊ မီးခိုးရောင် မွှေစက် (၄)လုံး၊ (20000) ML ဖန်ပေါင်းချောင်း (၁)လုံး၊ အခြောက်စက်ခံ (Water bath) (၁)လုံး၊ အရောင်းအဝယ်စာချုပ် မူရင်းတစ်စောင်နှင့် ယာဉ်ခေါင်းအတွင်းမှ လက်ကိုင်ဖုန်း (၂)လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ သိမ်းဆည်းရမိခဲ့သော မော်တော်ယာဉ်နှင့် သက်သေခံပစ္စည်းများကို အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရေး၊ ကွင်းဆက်ဖော်ထုတ်နိုင်ရေးအတွက် တရားခံ (၂)ဦးအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။
MDN