မူဆယ် ၂၁ ဇူလိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကာလတွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများနှင့် အခက်အခဲကြုံတွေ့နေကြသည့် အိမ်ထောင်စုများကို မူဆယ်မြို့၊ (YMCA) အသင်းနှင့် (Freedom Farm) အသင်းတို့ ပူးပေါင်း၍ ငွေကျပ် သိန်း ၁၄၀ ကျော်တန်ဖိုးရှိ ဆန်၊ ဆီနှင့် ပဲတို့ကို အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်လျက်ရှိသည်။
“မူဆယ်မြို့၊ မြို့ပေါ်(၉)ရပ်ကွက်မှာရှိတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုတွေ၊ မိသားစုဝင်များပြားတဲ့ အိမ်ထောင်စုတွေ၊ နာမကျန်းရှိတဲ့ အိမ်ထောင်စုတွေ၊ ကိုယ်ဝန်ဆောင်မိခင်ရှိတဲ့ အိမ်ထောင်စုတွေနဲ့ အစိုးရထောက်ပံ့တဲ့ စားနပ်ရိက္ခာမရရှိသေးတဲ့ အိမ်ထောင်စုတွေကို ဦးစားပေး ထောက်ပံ့ပေးအပ်နေပါတယ်။ ပြီးတော့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ခေါင်းစဉ်အောက်မှာ (YMCA) နာမည်နဲ့ ဆက်လက်ကူညီ ထောက်ပံ့ပေးအပ်ဖို့လည်း စီစဉ်ဆောင်ရွက်ထားပါတယ်”ဟု မူဆယ်မြို့ (YMCA) အတွင်းရေးမှူး ဆရာဇော်အောင်က ပြောသည်။
တရုတ်နိုင်ငံဘက်မှ ပြန်လည်ရောက်ရှိလာကြသည့် နေရပ်ပြန်ပြည်သူများကို မူဆယ်မြို့ (YMCA) အသင်းမှ ထမင်းဟင်းများ၊ အသုံးဆောင်ပစ္စည်းများနှင့် ခရီးစရိတ်မတတ်နိုင်သည့် နေရပ်ပြန်ပြည်သူများကို တစ်ဦးလျှင် ငွေကျပ် သုံးသောင်း ထောက်ပံ့ခြင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးပေါ်ဒေသတို့တွင် (Home Quarantine) ဝင်နေကြသည့် အိမ်ထောင်စုများကိုလည်း စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


