မူဆယ် မတ် ၇

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား ကြိုဆိုဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို မူဆယ်မြို့ ရွှေသမင်ပရိယတ္တိစာသင်တိုက် သာရိပုတ္တကောလိပ်၌ ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ စာချဘွဲ့ (ပထမအဆင့်) နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆက်ကပ်လှူဒါန်းသော သာသနာရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယအဆင့်) ရရှိသည့် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် ဇေယျသုခစာသင်တိုက်နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဦးစီးပဓာနနာယကချုပ် ကျောင်းအုပ်ဆရာတော် ရွှေသမင်စာသင်တိုက်နှင့် သာရိပုတ္တကောလိပ် ဩဝါဒါစရိယ ဒေါက်တာဘဒ္ဒန္တဝိနယာစာရ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဂုဏ်ထူးဆောင် (၁၀) ဘွဲ့ရ ဆရာတော်ကြီးအား လွယ်တိန်ခမ်း ဘုရားကျောင်းမှ ရွှေသမင်ပရိယတ္တိစာသင်တိုက်သို့ နံနက်ပိုင်းတွင် ကြိုဆိုဂုဏ်ပြုပူဇော်ခဲ့ကြသည်။

 

ဆက်လက်၍ ဘွဲ့တော်များအား ထပ်ဆင့်ကပ်လှူပူဇော်ပွဲကို မွန်းလွဲ ၁ နာရီတွင် နမောတဿသုံးကြိမ် ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်များနှင့် ဝတ္ထုငွေများကို မူဆယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် တာဝန်ရှိသူများက ထပ်ဆင့်ဆက်ကပ်ပူဇော်ကြပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်က ဩဝါဒမိန့်ကြားကာ လှူဖွယ်ဝတ္ထုအစုစုကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

 

ယင်းနောက် ကြွရောက်လာသော ဆရာတော်ကြီးများက ဦးဆောင်၍ အခမ်းအနားတက်ရောက်လာကြသူများက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

ချယ်ရီမြေ ( မူဆယ် )