မူဆယ်  ၄  ဧပြီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌  တရုတ်နိုင်ငံမှ ပြန်လာသည့် နေရပ်ပြန်ပြည်သူများကို ဧပြီလ ၃ ရက်နေ့က စပြီး Facility Quarantine နှင့် Home Quarantine သီးခြားထားရှိရန် စတင် လုပ်ဆောင်နေကြောင်း မူဆယ်မြို့နယ်၊ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုကော်မတီထံမှ သိရသည်။

 

တရုတ်နိုင်ငံမှ ပြန်ရောက်လာသည့် နေရပ်ပြန် ပြည်သူများသည် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းအလုပ်သမား အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းက နေရပ်ပြန် ပြည်သူများလည်း ပါဝင်သည်ဟု  မူဆယ်မြို့နယ်၊ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုကော်မတီမှ ဦးအယ်လ်စိုးထန်တူးက ပြောသည်။

 

“တရုတ်နိုင်ငံကနေ မူဆယ်နယ်စပ်ဂိတ်တွေ ဖြစ်တဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နဲ့ မန့်ဝိန်းဂိတ်က ဝင်လာတဲ့ နေရပ်ပြန်ပြည်သူတွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်မြန်မာပြည်အနယ်နယ် အရပ်ရပ်က ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးတွေ့ရတယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ မူဆယ်ဒေသအတွင်းက နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့က နေထိုင်ကြတဲ့ ပြည်သူတွေလည်း ပါဝင်တယ်”ဟု ဦးအယ်လ်စိုးထန်တူးက ရှင်းပြသည်။

 

“အခုလို သတ်မှတ်ထားတဲ့မှာ (၁၄) ရက် ကန့်သတ်စောင့်ကြည်ရှုတာကို ခံယူထာကြောင့် ရောဂါ ပျံနှံ့မှုကိုထိန်းချုပ်နိုင်မှာ ဖြစ်သလို နိုင်ငံအတွက် လုံခြုံစိတ်ချရတယ်လို့ နိုင်ငံတော် အကြီးအကဲတွေက ယူဆတဲ့အတွက် ဆောင်ရွက်တာဖြစ်တယ်” ဟု ဦးအယ်လ်စိုးထန်တူးက ဆက်လက် ရှင်းပြသည်။

 

တရုတ်နိုင်ငံ၊ ဂျယ်ဂေါင်၊ ရွှေလီ၊ ဝမ်တိန် နှင့် အနီးအနားရှိ စက်ရုံ၊ အလုပ်ရုံများမှ  ပြန်လာသူများကို မိမိနေထိုင်ရာ ဒေသတွင် Home Quarantine အဖြစ် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ယူနန်ပြည်နယ်အတွင်း မန်စီနှင့် အခြားသောမြို့များမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများကို မူဆယ်မြို့တွင် (၁၄)ရက် ကန့်သတ်စောင့်ကြည့်မှု Facility Quarantine အဖြစ်ထားရှိကာ နေထိုင်ရန်နေရာ၊ အစားအသောက် အသုံးအဆောင်ပစ္စည်းများကို မူဆယ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

မိုင်းဘဉာဏ်(ကွတ်ခိုင်)