နေပြည်တော် ၁၉ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောင်းမှု လွယ်ရပ်ကွက်နေ ဒေါ်ချို(ဘ) ဦးဟုန်စီယုတ်၏ နေအိမ်အား မေ ၁၇ ရက် ည ၁၀ နာရီခန့်တွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝန်းနှင့် နေအိမ်အတွင်းတို့မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၃၀၀၀ (ခန့်မှန်း တန်ဖိုး ငွေကျပ် သိန်း ၈၀၀ ကျော်)နှင့် ကျောက်စိမ်းတုံးဆိုဒ်စုံ ၄၂ တုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပူးပေါင်းတပ်ဖွဲ့ဝင်များက ည ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် ကောင်းမှုလွယ်ရပ်ကွက်ရှိ ဦးထိုက်ချုန်း ပိုင်ဆိုင်သော နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ စည်သူ (ဘ)ဦးဝင်းမြင့်နှင့် စန်းတင့်အောင် (ဘ)ဦးဇော်မင်းတို့ ၂ ဦးကို ဒီတိုနေတာ ၂၉၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းပစ္စည်းများသည် အဆိုပါရပ်ကွက်ရှိ အိမ်အမှတ်(၅၁၁)နေ ဦးမင်းသိန်း ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့က ည ၁၁ နာရီခွဲခန့်တွင် ဦးမင်းသိန်း၏နေအိမ်အား ဆက်လက်သွားရောက်ရှာဖွေရာ ၎င်းကို ပစ္စတို ၁ လက်၊ ၎င်း ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၀ တောင့်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း။
အလားတူ ပူးပေါင်းအဖွဲ့သည် မေ ၁၈ ရက် နံနက်ပိုင်းတွင် မန့်မိုင်ကျေးရွာသို့ သတင်းအရ သွားရောက်ရှာဖွေ စစ်ဆေးရာ ဦးမာလ(ဘ)ဦးမရစ်နော်၏ နေအိမ်၌ တရားမဝင် တမလန်းသစ် ဆိုဒ်စုံ ၅ ဒသမ ၆၂၅ တန်ခန့်ကို လည်းကောင်း၊ ဦးမာခါး(ဘ) ဦးဖော်ရွမ်ထယ် နေအိမ်ခြံဝန်းအတွင်း၌ တရားမဝင် တမလန်း၊ ပိတောက်နှင့် သစ်မကျီး စသည့် သစ်မျိုးစုံ ၂၉ ဒသမ ၂ တန်ခန့်ကို လည်းကောင်း၊ ဒေါ်နန်းအေးယုံ၏ နေအိမ်ခြံဝန်းအတွင်း၌ ခြံစောင့် ကျော်ဦး(ဘ) ဦးသောင်းနှင့်အတူ တရားမဝင် တမလန်း၊ ပိတောက်နှင့် သစ်မကျီး စသည့် သစ်မျိုးစုံ ၂၁ တန်ခန့်ကို လည်းကောင်း၊ ကောင်းမှုလုံကျေးရွာရှိ ပိုင်ရှင်စိစစ်ဆဲ နေအိမ်တစ်လုံး၌ ပိတောက်နှင့်တမလန်းသစ်ဆိုဒ်စုံ ၁၆ ဒသမ ၆၂ တန်ကိုလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း။
အဆိုပါ ဖမ်းဆီးရမိသူများ၊ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ၊ ကျောက်စိမ်းတုံးများနှင့် သစ်များအား မူဆယ်မြို့မရဲစခန်းနှင့် သစ်တောဦးစီးဌာနတို့သို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်းနှင့် ပတ်သက်ဆက်နွယ် သူများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်