မူဆယ်   ၆   မေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကာလအတွင်း၌ ကျေးရွာနေ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ အိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် ( Home Garden) စိုက်ပျိုးနိုင်စေရန်အတွက် မျိုးစေ့(၇)မျိုးကို မေ ၅ ရက်နေ့ နံနက်ပိုင်းက  အိမ်တိုင်ရာရောက် အခမဲ့  သွားရောက်ဖြန့်ဝေပေးသည်။

 

အဆိုပါ မျိုးစေ့များ ဖြန့်ဝေပေးရာတွင် မူဆယ်မြို့နယ်၊ မော်တောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၅)ရွာ၊ နောင်ဆိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၃)ရွာနှင့် နောင်လောင်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးကွာ(၆)ရွာသို့ လက်ရောက်ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း မူဆယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းလွင်လွင်စိန်က ပြောသည်။

 

“ကိုဗစ်-၁၉ ရောဂါ ကြိုတင်ထိန်းချုပ်ရေးကာလအတွင်းမှာ ဒေသခံမိဘပြည်သူတွေအနေနဲ့ လူစုလူဝေး ရှောင်ကြဉ်ဖို့နဲ့ အာဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်တဲ့  ဟင်းသီးဟင်းရွက်‌တွေကို ရရှိစေဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် ကိုယ့်ရဲ့ နေအိမ်ခြံဝန်းအတွင်းမှာ တစ်ပိုင်တစ်နိုင် (Home Garden) စိုက်ပျိုးစားသောက်နိုင်ဖို့ ဟင်းသီးဟင်းရွက် မျိုးစေ့(၇) မျိုးဖြစ်တဲ့ ခရမ်းချဉ်သီး၊ မုန်ညင်း၊ ခရမ်းသီး၊ ပဲတောင်းရှည်၊ ဗိုလ်စားပဲ၊ မုန်ညင်းဖြူနဲ့ အစေ့ကန်စွန်းမျိုး‌စေ့‌တွေကို ကျေးရွာ‌နေ မိဘပြည်သူတွေဆီ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးတာဖြစ်ပြီး ဖြန့်ဝေချိန်မှာ မရရှိလိုက်တဲ့ ပြည်သူ‌တွေ အနေနဲ့လည်း စိုက်ပျိုးရေးရုံးကို လာရောက်ဆက်သွယ်စုံစမ်းရယူ နိုင်ပါတယ်” ဟုရှင်းပြသည်။

 

မူဆယ်မြို့နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ ဝယ်ယူရာတွင် တွေ့ကြုံရမည့် အခက်အခဲပြဿနာများ ဖြေရှင်းရန် စိုက်ပျိုးရေးဦးစီးဌာနမှ Home Garden အစီအစဉ်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကာ  ကျန်ရှိနေသော ကျေးရွာများသို့အာဟာရ ပြည့်ဝသော သီးနှံပျိုးပင်များကို ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဘဉာဏ်(ကွတ်ခိုင်)