မူဆယ်၊ ၂၈ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံတွင် စုရပ်အဖြစ်ထားရှိပြီး မြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံ ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံး ၃၀ ရရှိပြီး ဆေးတစ်လုံးကို လူ ၁၀ ဦး ထိုးနှံရမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းဆေးဌာနမှ ဝန်ထမ်းများ၊ အား/ကာမှ ဝန်ထမ်းများနှင့် FDA မှ ဝန်ထမ်းများ စုစုပေါင်း ၂၈၉ ဦးတို့ကို စတင် ထိုးပေးသွားမှာဖြစ်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးက ပြောပြသည်။
ပထမအကြိမ်ထိုးနှံပေးမည့် ကိုဗစ်-၁၉ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ဗဟိုကသတ်မှတ်သည့် ဦးစားအုပ်စုများကို ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးနေပြီး ကာကွယ်ဆေးများ ထပ်မံရောက်ရှိပါက သတ်မှတ်ချက်များနှင့်အညီ အဆင့်ဆင့်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စန္ဒာ(ပြန်/ဆက်)


