မူဆယ် ဧပြီ ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင်  အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို မူဆယ်မြို့ဈေးရပ်ကွက် လူငယ်ဇရပ်တွင် ဧပြီ ၈ ရက် နံနက်ပိုင်းမှစ၍ ကွင်းဆင်း  ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  မူဆယ်မြို့နယ် ဦးစီးမှူးရုံးက ကြီးမှူး၍ မူဆယ်မြို့နယ်အတွင်း နေထိုင်သည့်ပြည်သူများအား အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ ရက်(၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိစေရေး ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး မွေးတိုး၊ သေဆုံး၊ ပြောင်းဝင်၊ ပြောင်းထွက်၊ မြို့နယ်တွင်း ပြောင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား  ကွင်းဆင်းဆောင်ရွက် ခြင်းလုပ်ငန်းများကို  ဆောင်ရွက်ပေးခဲ့သည်။  ယမန်နေ့အတွက် ဆောင်ရွက်နိုင်ခဲ့သည့်  အရေအတွက်မှာ ၈၀ ရှိသည်။

ဆက်လက်၍ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများအား မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းနှင့် ဇနီး၊  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာန မူဆယ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦး နှင့်  မြို့နယ်ဦးစီးမှူး ဦးဆလိုင်း ဟေမန်ထွန်း၊  မူဆယ်မြို့နယ် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်  တာဝန်ရှိသူများက ပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)