မူဆယ် ၂၈ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်ဘက်မှ မူဆယ်မြို့သို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များနှင့် သုံးဘီးယာဉ်များကို ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၉ နာရီတွင် မူဆယ်မြို့၊ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(မူဆယ်)မှ ဦးဆောင်၍ ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်းများကို စတင်ဆောင်ရွက်သည်။

 

မူဆယ်မြို့၊ နယ်စပ်ဒေသ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မူဆယ်ခရိုင်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးလှိုင်စိုးသန့်၏ လမ်းညွှန်ချက်ဖြင့် ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (မူဆယ်)ကို ဖွဲ့စည်းပြီး ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရန်၊ နှစ်နိုင်ငံ၊ နယ်စပ်ဂိတ်များ၌ ကျန်းမာရေးစစ်ဆေးခြင်းများ ပူးပေါင်းဆောင်ရွက်ရန်၊ သံသယရှိလူနာများ တွေ့ရှိပါက အထက်ဌာနသို့ အဆင့်ဆင့်အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန်၊ ကျန်းမာရေးစစ်ဆေးချက်များ ကြပ်မတ်ဆောင်ရွက်ရန်၊ စောင့်ကြည့်လူနာများ၏ ကျန်းမာရေးစစ်ဆေးချက်များနှင့် ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

ဆက်လက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(မူဆယ်)မှ ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က မူဆယ်မြို့၊ မန့်ဝိန်းဂိတ်တွင် ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ပြီး ပြည်သူလူထုများထံသို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်း မရှိစေရေးအတွက် ကြိုတင်ကာကွယ်မှုများကို အရှိန်အဟုန်မြှင့်တင်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုထန်(ပြန်/ဆက်)