မူဆယ် ၁၁ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၌ ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရန်အတွက် လူမှုရေးကူညီမှုအသင်းများမှ ခရီးသွားပြည်သူများအား နှာခေါင်းစည်းပေးဝေခြင်းနှင့် ပိုးသတ်လက်ဆေးရည်ဖြင့် လက်ဆေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဝင်/ထွက်ပေါက်၌ ကျန်းမာရေး စောင့်ကြပ်စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့်အပြင် မူဆယ်မြို့လယ် နာရီစင်အနီးတွင် မူဆယ်မြို့ရှိ ဂရုနာလူမူရေး ကူညီမှုအသင်းနှင့် မြို့နယ်ယာဉ်စည်းကမ်း လမ်းစည်းထိန်းသိမ်းရေးအသင်းတို့ ပူးပေါင်းကာ ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ ပေးဝေခြင်း၊ ပိုးသတ်လက်ဆေးရည်ဖြင့် လက်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်မှုအနေဖြင့် နှာခေါင်းစည်း ၃၀၀ ကျော်ကို ခရီးသွားပြည်သူများအတွက် ဖြန့်ဝေပေးခဲ့ပြီး အဝေးပြေး ခရီးသည်ယာဉ်ဂိတ်နှင့် လူစည်ကားရာနေရာတို့တွင် အသိပညာပေးခြင်း၊ နှာခေါင်းစည်းပေးဝေခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ကရုနာလူမှုရေးကူညီမှုအသင်းထံမှ သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း ပြန်/ဆက်)