မူဆယ် ၁၇ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် တောင်းရမ်းစားသောက်သည့် ကလေးသူငယ်များ၊ စွန့်ပစ်ခံရသည့် ကလေးသူငယ်များနှင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ကလေးသူငယ်များကို ယာယီ ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် မူဆယ်ခရိုင်၊ လူမှုဝန်ထမ်းဦစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ကလေးသူငယ် ယာယီထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာဆောင်ကို ဆောက်လုပ် သွားမည်ဟု မူဆယ်ခရိုင်၊ လူမှုဝန်ထမ်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင့်တင့်ဝင်း၏ ပြောကြားချက်အရ သိရသည်။

 

ကလေးသူငယ် စောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီးတော့ မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဆိုတာ ဖွဲ့စည်းထားပါတယ်၊ မြို့နယ်ကလေးသူငယ်ဆိုင်ရာ ကော်မတီအနေနဲ့တော့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ မူဆယ်မြို့မှာ စွန့်ပစ်ခံရတဲ့ကလေးတွေ၊ တောင်းစားတဲ့ ကလေးတွေရှိတယ်၊ ဆေးစွဲတဲ့ကလေးတွေရှိတယ်၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ မြို့နယ်အဆင့်တွေမှာ အစည်းအဝေးပြုလုပ်တာတွေ ရှိပါတယ်၊ အစည်းအဝေးမှာ ဆုံးဖြတ်တဲ့အတိုင်းပေါ့၊ ကော်မတီတွေဖွဲ့မယ်၊ ကော်မတီတွေကနေတစ်ဆင့် ကွင်းဆင်းပြီးတော့ တောင်းရမ်းစားသောက်တဲ့ ကလေးတွေကို စိစစ်ဖော်ထုတ်မယ်၊ စေခိုင်းသမားတွေ ရှိနေတယ်ဆိုရင် ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်ခြင်းတွေ ပြုလုပ်ပါမယ်လို့ မူဆယ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်က ကလေးသူငယ်များအား တောင်းရမ်းစားသောက်ရန် စေခိုင်းသူများကို ဥပဒေအရ အရေးယူဆောင်ရွက်မည့် အကြောင်းကို ပြောကြားသည်။

 

7852

 

မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအနေဖြင့် လူကုန်ကူးခံရသူများကို ပြန်လည် ထူထောင်ရေးဌာနနှင့် ချိတ်ဆက်ပြီး မိမိဌာနေကို ပြန်လည်ပို့ဆောင်ပေးခြင်းများ ဆောင်ရွက် လျက်ရှိသည်။ မူဆယ်မြို့သည် နယ်စပ်ဒေသဖြစ်သည့်အလျောက် မြန်မာနိုင်ငံနေရာအနှံ့မှ လာရောက်အလုပ်လုပ်ကိုင်သူများသည် မူဆယ်မြို့တွင် အခြေချနေထိုင်ကြပြီး တစ်ခြားမြို့များထက် တောင်းရမ်း စားသောက်သည့် ကလေးသူငယ်များ၊ စွန့်ပစ်ခံရသည့် ကလေးသူငယ်များနှင့် မူးယစ်ဆေးဝါး သုံးစွဲသည့် ကလေးသူငယ်များ ပိုမိုပေါများပြားသည်။

 

နယ်စပ်မြို့ဖြစ်သည့်အတွက် တောင်းရမ်းစားသောက်ရာတွင် ပိုက်ဆံရရန်လည်း လွယ်ကူပြီး မိဘတစ်ချို့ ကလည်း မိမိကလေးသူငယ်များကို တောင်းရမ်းစားသောက်ခိုင်းသလို ကလေးသူငယ်ကိုယ်၌ကလည်း တောင်းရမ်း စားသောက်သူများလည်းရှိသည်။ မူဆယ်မြို့တွင် တောင်းရမ်းစားသောက်သည့် ကလေး သူငယ်များကို ပြန်လည်ပြုစုပျိုးထောင်ရန်နှင့် ယာယီထိန်းသိမ်း စောင့်ရှောက်ရေး ဂေဟာဆောင် မရှိသည့်အတွက် ယာယီထိန်းသိမ်းစောင့်ရှောက်ရန် အခက်အခဲရှိနေပြီး မူဆယ်ခရိုင်၊ လူမှုဝန်ထမ်း ဦးစီးဌာနက ယာယီထိန်းသိမ်း စောင့်ရှောက်ရေးဂေဟာဆောင် ဆောက်လုပ်သွားမည်ဟု သိရသည်။

 

ကလေးသူငယ် တောင်းရမ်းစားသောက်မှုတွေ ပပျောက်နိုင်ရေးအတွက် ခရိုင်/မြို့နယ် အစည်းအဝေးတွေမှာ အကြိမ်ကြိမ်ဆွေးနွေးမှုတွေကနေတစ်ဆင့် ကော်မတီတစ်ခုဖွဲ့မယ်၊ ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေရေးဆွဲပြီးတော့ တောင်းရမ်းစားသောက်နေတဲ့ ကလေးသူငယ်များ၊ စွန့်ပစ်ခံရတဲ့ ကလေးသူငယ်များနဲ့ မူးယစ်ဆေးဝါးစွဲနေတဲ့ ကလေးသူငယ်များကို တစ်ဖြေးဖြေး ပပျောက်လာအောင် စီစဉ်ဆောင်ရွက်ထားပါတယ်၊ အစည်းအဝေးဆုံးဖြတ်ချက်တွေ၊ လက်ရှိ ကြုံတွေ့နေတဲ့ အခက်အခဲတွေကို ကျွန်မတို့ရဲ့ဌာနမှာ အဆင့်ဆင့်တင်ပြပြီးတော့ ကလေးသူငယ် ယာယီထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာဆောင်ကို ဆောက်လုပ် ဖို့အတွက် စီစဉ်ဆောင်ရွက်ထားပါတယ်လို့ မူဆယ်ခရိုင်၊ လူမှုဝန်ထမ်းရုံး၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင့်တင့်ဝင်းက ကလေးသူငယ် ယာယီထိန်းသိမ်း စောင့်ရှောက်ရေးဂေဟာဆောင် ဆောက်လုပ်မည့် အကြောင်းအရာကို ပြောကြားသည်။

 

တောင်းရမ်း စားသောက်သည့် ကလေးသူငယ်များစုသည် ရွှေ့ပြောင်းမိသားစုနှင့်အတူ ပါရှိလာသည့် ကလေးသူငယ်များဖြစ်ပြီး ကလေးသူငယ် ယာယီထိန်းသိမ်းစောင့်ရှောက်ဂေဟာ ဆောက်လုပ်လျှင် လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဘဝရှေ့ရေး တိုးတက် လာရန်အတွက် သင်တန်းပို့ချခြင်းတို့ကို ဆောင်ရွက်ပေးကြောင်း သိရသည်။ ရင်ခွင်မဲ့ ကလေးသူငယ်များကို လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးပြီး မိဘရှိသည့် ကလေးသူငယ်များကို ပညာရေးဦးစီးဌာန၊ လူမှုကူညီရေးအသင်း ပရဟိတများနှင့် ချိတ်ဆက်၍ တစ်ဖက် တစ်လမ်းနည်းဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

96354

 

မူဆယ်မြို့တွင် ကလေးသူငယ်များကို ခေါင်းပုံဖြတ်စေခိုင်းမှုများလည်း ရှိနေပြီး စေခိုင်းသူများသည် ကလေးသူငယ် စောင့်ရှောက်ရေးဥပဒေကို ချိုးဖောက်နေကြကြောင်း မူဆယ်မြို့၊ တောင်ရပ်ကွက် ပရဟိတ အသင်းဥက္ကဋ္ဌ ကိုမောင်စည်က ပြောသည်။ “ကလေးသူငယ်တွေကို ခေါင်းပုံဖြတ် စေခိုင်းတဲ့သူတွေဟာ ကလေးသူငယ်စောင့်ရှောက်ရေး ဥပဒေတွေကို ချိုးဖောက်ကြတယ်၊ သူတို့က တောင်းရမ်းခိုင်းပြီး နေ့စားခ၊ လစားခအဖြစ် တစ်ရက်(၃)ထောင် ပေးတာတွေလည်း ရှိနေပါတယ်၊ ခေါင်းပုံဖြတ် စေခိုင်းသူတွေဟာ အုပ်စုလိုက်လှုပ်ရှားနေတာလည်း ရှိပါတယ်၊ ကျွန်တော်တို့အနေဖြင့် ကလေးသူငယ်တွေကို အတတ်နိုင်ဆုံး ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီတော့ ဝိုင်းဝန်းကာကွယ် တားဆီးရန်နှင့် ကလေးသူငယ်တွေကို လိမ္မာယဉ်ကျေးလာအောင် လုပ်ဆောင်သွားမယ်လို့ တောင်ရပ်ကွက် ပရဟိတအသင်းဥက္ကဋ္ဌ ကိုမောင်စည်က ခေါင်းပုံဖြတ်စေခိုင်းခြင်းမှ ကလေးသူငယ် များကို ကာကွယ်တားဆီးမည့်အကြောင်းကို ပြောကြားသည်။

 

မူဆယ်မြို့တွင် တောင်းရမ်းစားသောက်နေသည့် ကလေးသူငယ်များသည် မူးယစ်ဆေးဝါးသုံးစွဲနေသည့် တစ်ခြားကလေးသူငယ်များနှင့် ဆက်နွယ်ပြီး တောင်းရမ်းစားသောက်ခြင်းမှ ရရှိလာသည့် ငွေကြေး များဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုများ ရှိလာသည်။ မူးယစ်ဆေးဝါးသည် အနာဂတ် မျိုးဆက်သစ်များကို ချိုးနှိမ်ခြင်းဖြစ်သည့်အလျောက် တောင်းရမ်းစားသောက်လာသည့် ကလေးသူငယ် များအထိ ကူးစက်လာခြင်းကြောင့် မြန်မာနိုင်ငံ၊ အနာဂတ်ဖွံ့ဖြိးတိုးတက်လာရေးအတွက် ကလေး သူငယ်များကို ဝိုင်းဝန်းကူညီစောင့်ရှောက် ပျိုးထောင်ရမည်ဖြစ်သည်။

 

မူဆယ်မြို့ဟာ တရုတ်နိုင်ငံနဲ့ ထိစပ်တဲ့ နယ်စပ်မြို့ဖြစ်တဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေ အရမ်းများပါတယ်၊ ပြောင်းရွှေ့အလုပ်သမားတွေနဲ့ အတူတူပါလာတဲ့ ကလေးတွေကို ဝင်ငွေ လွယ်လွယ် ရနိုင်ရန်အတွက် ကလေးတွေကို တောင်းရမ်းစားသောက်ခိုင်းတာတွေကိုလည်း အများကြီးတွေ့ရတယ်၊ ကလေသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေတွေလည်းရှိတယ်၊ သူတို့မိဘတွေ သိသင့်သိထိုက်တဲ့ ဒီဥပဒေတွေကို သူတို့ကို အသိပညာတွေပေးမယ်၊ ကလေးသူငယ်တွေကို တောင်းစားတဲ့အလုပ်တွေမှာ မခိုင်းဖို့ အသိပညာပေးတွေ များများပြုလုပ်ရန် လိုအပ်နေပါတယ်၊ ဒီလိုအသိပညာပေးတွေ ပြုလုပ်ပေးပြီးနောက် ကလေးသူငယ်များကို ထပ်မံစေခိုင်းရင်တော့ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်းတွေ ပြုလုပ်ခြင်းအားဖြင့် ပပျောက်လာနိုင်တယ်လို့ မျှော်လင့်ပါတယ်လို့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအရာရှိ ဦးရော်ယိမ်းက ကလေးသူငယ်များ၏ မိဘများကို အသိပညာဗဟုသုတများ ပေးသင့်ကြောင်းကို ပြောကြားသည်။

 

မူဆယ်မြို့တွင် ယာယီထိန်းသိမ်း စောင့်ရှောက်ရေးဂေဟာ ဆောက်လုပ်ခြင်းအားဖြင့် တောင်းရမ်း စားသောက်သည့် ကလေးသူငယ်များ၊ စွန့်ပစ်ခံရသည့် ကလေးသူငယ်များနှင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ကလေးသူငယ်များလည်း လျော့ကျလာမည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်၊ မြို့ဂုဏ်တို့လည်း မြင့်တက် လာမည်ဖြစ်ရာ မူဆယ်မြို့တွင်းတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသည့် ခိုးဆိုးလုနှိုက်လည်း လျော့ကျလာမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တောင်းရမ်းစားသောက်သည့် ကလေးသူငယ်များ၊ ရင်ခွင်မဲ့ကလေးသူငယ်များ၊ မူးယစ်ဆေးစွဲတဲ့ ကလေးသူငယ်များအတွက် ကလေးသူငယ်အခွင့်အရေး မဆုံးရှုံးစေရန်၊ ကလေးသူငယ်များ၏ ဘဝလုံခြုံရေးနှင့် အာမခံချက်များရရှိစေရန်၊ တောင်းရမ်းစားသောက်သည် ကလေးသူငယ်များကို စိစစ်ပြီး ခိုင်းစေသူများကို ဥပဒေအရ အရေးယူဆောင်ရွက်ရန်နှင့် တောင်းရမ်းစားသောက်နေသည့် ကလေးသူငယ်များကို စောင့်ရှောက်ရန်အတွက် ယာယီစောင့်ရှောက်ရေးဂေဟာဆောင် ဆောက်လုပ် မည့် အကြောင်းအရာများကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီက မူဆယ်မြို့၊ ခရိုင်စုပေါင်းရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပသည်။

 

အစည်းအဝေးတွင် မူဆယ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ခရိုင်ရဲမှူး၊ ဒုတိယရဲမှူးကြီး အောင်ထိန်လင်း၊ ဌာနဆိုင်ရာများ၊ UN/INGO အဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့အစည်းများနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ကြကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)