မူဆယ် ၁၅ ဩဂုတ်
မူဆယ်မြို့တွင် မိုးဆက်လက်ရွာသွန်းပြီး ဩဂုတ် ၁၅ ရက်၊ နေ့လယ်(၁၂)နာရီတွင် ခရစ်ယာန်ရပ်ကွက်၌ မြေပြိုခြင်းကြောင့် လူနေအိမ်(၄)လုံးပျက်စီးခဲ့သည်။
ဩဂုတ်လ(၁၄)ရက်နေ့တွင် ခရစ်ယာန်ရပ်ကွက်၊ အပေါ်ပိုင်းလူနေအိမ်အချို့မှ မီးဖိုခန်းများ၊ အိပ်ခန်းများ၊ အိမ်သာများနှင့် ဝါးပင်များ ပြိုကျလာခြင်းကြောင့် အောက်ပိုင်းက လူနေအိမ်အချို့အနည်းငယ်ပျက်စီးခဲ့သည်။
ဩဂုတ်လ(၁၅)ရက်နေ့၊ နေ့လယ်(၁၂)နာရီခန့်တွင် အပေါ်ပိုင်းမှ ထပ်မံမြေပြိုလာခြင်းကြောင့် အောက်ပိုင်းက အိမ်ပိုင်ရှင်များဖြစ်သည့် ဦးတင်မောင်ဝင်း၊ ဦးညီစံဖေ၊ ဒေါ်အေခဲနှင့် ဒေါ်တင်မာတို့၏ နေအိမ်များ ပျက်စီးသွားကြောင်း သိရသည်။
ထပ်မံမြေပြိုခြင်းကြောင့် လူနေအိမ်(၄)လုံးနှင့် မြေပြိုသည့်ပတ်ပတ်လည်ရှိ လူနေအိမ်အချို့လည်း အနည်းငယ်ပျက်စီးမှုများရှိနေပြီး မိုးဆက်လက်ရွာသွန်းခြင်းကြောင့် ပြန်လည်ပြုပြင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။
အဆိုပါ ခရစ်ယာန်ရပ်ကွက်၊ မြေပြိုရာသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့်တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မိသားစုဝင်များကို နှစ်သိမ့်အားပေးခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


