မူဆယ် ၁၃ သြဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယနေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မူဆယ်မြို့ ရပ်ကွက်အချို့တွင် မြေပြိုင်မှုနှင့် ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနက်ကတည်းက မိုးရွာနေတာကြောင့် အိမ်ရဲ့အပေါ်ဘက် မြေတွေပြိုကျလာတယ်၊ ဒီညလည်း မိုးဆက်ရွာနေရင် ပြိုင်ကျလာမှာကြောက်လို့ အိမ်မှာမအိပ်ရဲဘူး၊ ဘေးအိမ်တွေမှာပဲ လောလောဆယ် ပြောင်းနေရတယ်” လို့ ခရစ်ယာန်ရပ်ကွက်နေ ဒေါ်ဖြူမာခင်က ပြောကြားသည်။
မူဆယ်မြို့တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ခရစ်ယာန်ရပ်ကွက်၊ ဆင်ဖြူလမ်းရှိ အပေါ်ဘက် အိမ်တစ်လုံး တစ်ပေခန့် မြေကျုံကျသွားခြင်း၊ အိမ်သာများ ကျိုးပေါက်ခြင်းများနှင့် မြေများ အက်ကွဲခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး မိုးဆက်လက် ရွာသွန်းမည်ဆိုပါက အပေါ်ဘက်မှ မြေများပြိုကျလာနိုင်ကြောင်း ဒေသခံများက ပြောသည်။
အလားတူ စက်မှုရပ်ကွက်နှင့် ရပ်ကွက်အချို့တွင် ရေလျှံမှုများဖြစ်ပွားခဲ့ပြီး သြဂုတ် ၁၀ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် စက်မှုရပ်ကွက်တွင် အိမ်နောက်ဖေး အုတ်တံတိုင်း ပြိုကျခြင်းကြောင့် နေအိမ်ထဲတွင် ထမင်းစားနေသူတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


