မူဆယ် ၁၅ အောက်တိုဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသတွင် သီတင်းကျွတ်ပွဲတော်ကို  ပျော်ရွှင်စည်ကား စွာဖြင့် ကျင်းပစဉ်ကာလ၌ ပြည်သူများ ယာဉ်အန္တရာယ်မတော်တဆထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ သီတင်းကျွတ် ပွဲတော်ကို ပျော်ရွှင်စွာပြီးဆုံးခဲ့ကြောင်း မူဆယ်ခရိုင်၊ အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မူဆယ်)ရုံးမှ သိရသည်။

 

မူဆယ်မြို့၊ နယ်စပ်ဒေသတွင် ဆင်ဖြူဈေး၌ ကျင်းပသည့် နိဗ္ဗာန်ဈေးအလှူပွဲ၊  အောက်တိုဘာလ(၁၃)ရက်၊ နံနက်ပိုင်းအချိန် သတင်းကျွတ်လပြည့်နေ့တွင် မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်၊ မဟာသန္တိသုခ ရပ်တော်မူဘုရားတွင် ဘုရားဖူးပြည်သူလူထုများနှင့် စည်ကားခြင်း၊  ညချမ်းအချိန်၌ မူဆယ်မြို့တွင်းတွင် ဒုတိယအကြိမ်မြောက် မီးပဒေသာ ဆီမီးပူဇော်ပွဲလှည့်လည်ခြင်းနှင့် မူဆယ်မြို့၊ ရဟတ်ယာဉ်ကွင်းဟောင်းတွင် ကျင်းပသည့် မီးပုံးပျံလွှတ်တင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

ထိုသို့ ပြည်သူလူထုများ ပျော်ရွှင်ဆင်နွဲ့ချိန်တွင် ပွဲတော်ကျင်းပရေးကော်မတီမှ အကြောင်းကြားမှုဖြင့် မူဆယ်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများနှင့် ယာဉ်အန္တရာယ်များ မတော်တစ်ဆမဖြစ်ပွားစေရန် အဓိက ရည်ရွယ် ၍ မူဆယ်မြို့၊ အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မူဆယ်)အဖွဲ့မှ အပိုင်း(၂)ပိုင်းခွဲ၍ စွမ်းစွမ်းမံမံ ဆောင်ရွက်ပေးသည်။

 

ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွက်အမြတ်ပွဲတော်ဖြစ်တဲ့ သီတင်းကျွတ်ပွဲတော်မှာ  ပြည်သူလူထုများ ငြိမ်းချမ်းစွာ ဘုရားဖူးသွားလာနိုင်ရန်၊ ယာဉ်ကြောပိတ်ဆို့မှုများနှင့် ယာဉ်အန္တရာယ်များမတော်တစ်ဆ မဖြစ်ပွား စေရန်အတွက် အစီအမံတွေဆွဲပြီး ည(၁၁)နာရီချိန်အထိ မူဆယ်မြို့တွင်း လမ်းကြောင်းတစ်လျှောက်နှင့် မီးပုံးပွဲတော်ကျင်းပတဲ့ နေရာတွေမှာ ကူညီဆောင်ရွက်ပေးပါတယ်၊ ဒီလိုဆောင်ရွက်ပေးတဲ့အချိန်မှာ ညပိုင်းအချိန်ကို ပိုဂရုစိုက်ပြီးဆောင်ရွက်ရပါတယ်၊ ဒီနှစ်မူဆယ်မြို့မှာကျင်းပတဲ့ သီတင်းကျွတ်ပွဲတော်မှာတော့ ယာဉ်အန္တရာယ် မတော်တဆထိခိုက်မှုတွေတော့ တစ်ခုမှမရှိပါဘူး၊ အောင်မြင်စွာ ပြီးဆုံးသွားတဲ့အတွက် ဝမ်းသာပါတယ်လို့ မူဆယ်မြို့၊ အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးချစ်စိန်က အမှတ်(၁၂၃)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (မူဆယ်)အဖွဲ့၏ လုပ်ဆောင်ချက်များကို ပြောကြားသည်။

 

သတင်းကျွတ်ပွဲတော်ကာလတွင် ယာဉ်အန္တရာယ်မတော်တစ်ဆမဖြစ်ပွားဘဲ  အောင်မြင်စွာ ပြီးဆုံးခြင်းကြောင့် လာရောက်လည်ပတ်သူများ၊ ပွဲတော်ဆင်နွဲ့သူများက  နောင်နှစ်ပွဲအချိန်အခါ ရက်များတွင်လည်း ယခုလိုတည်ငြိမ်အေးချမ်းစွာဖြင့် ပြီးဆုံးစေလိုကြောင်းပြောကြားသည်။(၂၀၁၉)ခုနှစ်၊ မူဆယ်မြို့၊ နယ်စပ်ဒေသတွင် ပြုလုပ်ကျင်းပသည့် သတင်းကျွတ်ပွဲတော်သည် ယခင်နှစ်များထက် ပိုမိုစည်ကားလျက်ရှိပြီး လာမည့်နှစ်များတွင်လည်း ယခုနှစ်ထက်ပိုမိုစည်ကားလာရန် ပြည်သူလူထုများက  မျှော်လင့်သုံးသပ်ပြောဆိုကြသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)