ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ရှမ်းစာပေယဉ်ကျေးမှုအသင်းက ကျင်းပသည့် ရှမ်းသက္ကရာဇ်(၂၁၁၄)နှစ်မြောက် ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်နှင့် ရှမ်းရိုးရာကောက်သစ်စားပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂၈ ရက်အထိ လေးရက်ကြာကျင်းပခဲ့ပြီး ဒုတိယရက်နေ့၊ နိုဝင်ဘာ ၂၆ ရက် ညဘက်အချိန်တွင် ရှမ်းရိုးရာနှစ်သစ်ကူးကို စည်ကားသိုက်မြိုက်စွာ ကြိုဆိုကြသည်။
အဆိုပါ ရှမ်းနှစ်သစ်ကူးကြိုဆိုပွဲသို့ လာရောက်လည် ပတ်သူများ၊ ဈေးဝယ်ယူသူများ၊ ဈေးဆိုင်များတွင် လာရောက် စားသုံးသူများနှင့် လာရောက်ကြည့်ရှုသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။ “အခုလို ကိုယ့်ရိုးရာပွဲ တော်မှာ ကိုယ့်ရိုးရာဝတ်စုံလေးနဲ့ တက်ရောက်နိုင်တဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ်။ ကိုယ့်ရိုးရာပွဲ တော်မှာ လာရောက်အားပေးတဲ့သူတွေ အလွန်များပြားတဲ့ အတွက်လည်း ပျော်ပါတယ်။ အခုလိုသူငယ်ချင်းတွေ စုံစုံ လင်လင်နဲ့ နှစ်သစ်ကူးပွဲတော်ကို အတူတူကြိုဆိုခွင့်ရတဲ့ ပျော်ရွှင်မှုက ဘာနဲ့မှလဲလို့မရပါဘူး။ လာရောက်ကြိုဆိုတဲ့ သူတိုင်း ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်”ဟု ရှမ်းနှစ်သစ်ကူးပွဲတော်ကို သူငယ်ချင်းများ နှင့် လာရောက်ကြိုဆိုသည့် နန်းလောဝ်းခမ်းက ပြောသည်။
နှစ်စဉ်နှစ်တိုင်း ကျင်းပ
ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်နှင့် ရှမ်းရိုးရာကောက်သစ်စားပွဲတော်ကို ရှမ်းတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ် ကူးပွဲတော်ဖြစ်သည့်အလျောက် ရှမ်းတိုင်းရင်းသားများနှင့် အများပြည်သူစိတ်ဝင်စားသည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။ ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်နှင့် ရှမ်းရိုးရာ ကောက်သစ်စားပွဲတော်ကို မူဆယ်မြို့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိပြီး ရှမ်းသမိုင်းပြတိုက်များ၊ ရှမ်းယဉ်ကျေးမှု ပြတိုက်များ၊ ရှမ်းရိုးရာအထည်များ၊ ရှမ်းရိုးရာအစားအစာ များနှင့် အခြားဈေးဆိုင်ပေါင်းများစွာကို ခင်းကျင်းရောင်းချ သည်။ ခင်းကျင်းရောင်းချနေသည့် ဈေးဆိုင်များတွင်လည်း လာရောက်စားသုံးသူများဖြင့် များပြားပြီး ရောင်းအားကောင်း နေကြောင်း သိရသည်။
“ဈေးရောင်းအားကတော့ ကောင်းတယ်လို့ပြောရမှာ ပါ။ လာရောက်လည်ပတ်သူတွေလည်းများသလို ဈေးရောင်း နှုန်းလည်း ကောင်းပါတယ်။ ရှမ်းရိုးရာပွဲကို လေးရက်ကြာ ကျင်းပတော့ အန်တီတို့ဆိုင်က ရောင်းအားလည်းကောင်း နေသလို ရှမ်းရိုးရာပွဲတော်က ပျော်ရွှင်စရာကောင်းတယ်။ ရှမ်းရိုးရာပွဲတော်က နှစ်စဉ်နှစ်တိုင်းလည်း စည်းကားပါ တယ်။ ဒီနှစ်မှာလည်း စည်ကားပါတယ်”ဟု မူဆယ်မြို့ လွယ်တိန်ခမ်းတောင်ပေါ်တွင် ကျင်းပသည့် ရှမ်းနှစ်သစ်ကူး ပွဲတော်နှင့် ရှမ်းရိုးရာကောက်သစ်စားပွဲတော်တွင် ဈေးဆိုင် ရောင်းသည့် ဒေါ်ချိုမာက ဈေးဆိုင်ရောင်းအားကောင်းနေပုံနှင့် နှစ်စဉ်စည်ကားပုံကို ပြောသည်။
နိုဝင်ဘာ ၂၆ ရက် ညဘက်အချိန်တွင် နှစ်သစ်ကူးကို မီးရှူး၊ မီးပန်းဖောက်ခြင်းတို့ဖြင့် ပျော်ရွှင်စည်ကားစွာ ကြိုဆို ကြပြီး တာဝန်ရှိသူတစ်ဦးက နှစ်သစ်စကားကြိုဆိုသည့် နှုတ်ခွန်းဆက်စကားပြောခြင်း၊ ရှမ်းရိုးရာအကများ၊ ရှမ်း ရိုးရာဇာတ်သဘင်၊ ခေတ်ပေါ်အကများနှင့် ဒေသခံ အဆိုတော်များက ဖျော်ဖြေတင်ဆက်ကြကြောင်း သိရ သည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)
ကြေးမုံ