မန္တလေး၊ ၁၂ ဇန်နဝါရီ

 

တရုတ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ပြန်လည်တွေ့ရှိမှုနှင့်အတူ မူဆယ်နယ်စပ် ဖရဲ၊ သခွားဈေးကွက် အ၀ယ်ကျဆင်းလာကြောင်း သိရသည်။

 

မြန်မာ ဖရဲ၊ သခွား အသီးကားများ ၀င်ပေါက် ကျင်စန်းကျော့ နယ်စပ်ဂိတ်မှာ ယခင်ထက် အချိန် ၄ နာရီ တိုးမြင့် ၀င်/ထွက်ခွင့် ရရှိတာကြောင့် အသီးကားများ ပိုမို၀င်ရောက်နိုင်ပြီး အသီးလတ်ဆတ်မှု ကောင်းလာသော်လည်း တရုတ်ပြည်တွင်း  စင်ကျန်၊ ဇီကြာကျွမ်း ဒေသများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားလာတာကြောင့် တရုတ်၀ယ်လက်များ အသီး၀ယ်လိုအား ကျဆင်းသွားကြောင်း သိရသည်။

 

တစ်နေ့လျှင် အသီးကားအစီးရေ ၂၀၀ ခန့်ကို ပုံမှန်သွင်းနေရာမှ ကိုဗစ်ကူးစက်မှု အခြေအနေကြောင့် အဝင်ကားအားလုံးကို လွှတ်ပေးလိုက်တာကြောင့် အသီးစျေးကွက် ကျဆင်းသွားခြင်းဖြစ်သည်ဟု ခွာညိုပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။

 

မထိန်းထားရဲဘူး၊ အ၀င်ကား အကုန်လွှတ်ပေးလိုက်တယ်။ အဲလိုလွှတ်လိုက်တာနဲ့ ဈေးကွက်မှာ ပြိုဆင်းသွားတယ်။ ထိန်းလိုက်ရင်လည်း အန္တရာယ်များတဲ့ အခြေအနေရှိနေတယ် ဟု ဦးစိုင်းခင်မောင်က ပြောသည်။

 

ဒီဇင်ဘာ ၁၅ ရက် နောက်ပိုင်း ဖရဲ၊ သခွားဈေးကွက် တဖြည်းဖြည်း ဈေးကွက်ကျဆင်းလာပြီး ဇန်နဝါရီ ၁၂ ရက်တွင် ၈၅၅ ဖရဲသီးများ အစီးပြတ်ကို ယွမ် ၅၀၀၀ မှ ၁၀၀၀၀ ကြားသာရှိကြောင်း သိရသည်။ တရုတ်ငွေ တစ်ယွမ်လျှင် မြန်မာကျပ်ငွေ ၂၀၀ ကျပ်ဖြစ်သည်။

 

ဖြိုးအိ

ဓာတ်ပုံ- ခွာညိုပွဲရုံ