မူဆယ် ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်နယ်စပ်ဒေသ၌ ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိနေကြောင်း သိရသည်။

မန္တလေး၊ လားရှိုး၊ ကွတ်ခိုင်ဘက်မှ မူဆယ်ဘက်သို့ တက်လာသော ကုန်ကားများကို မူဆယ်မြို့နယ် အတွင်းရှိ မိုင်းယု(၁၀၅)မိုင် အိုရီယမ်တယ် ဟိုက်ဝေးတိုးဂိတ်အနီး ကိုဗစ်-၁၉ စစ်ဆေးရေးစင်တာတွင် လည်းကောင်း၊ ရွှေမိုင်းယုကုမ္ပဏီတွင်လည်းကောင်း၊ မူဆယ်ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဆရာ ဆရာမများ၊ ခုတင်(၁၀၀၀) ကိုဗစ်-၁၉ ကုသရေးစင်တာမှ ဆရာ ဆရာမများနှင့် (၁၀၅)မိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက နေ့စဉ်စစ်ဆေးခဲ့ရာ ယခုရက်ပိုင်း ရွှေမိုင်းယုကုမ္ပဏီ ကိုဗစ်-၁၉ စစ်ဆေးရေးစင်တာသို့ ဝင်ရောက်လာသည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များထံမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ နေ့စဉ်တွေ့ရှိလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါစစ်ဆေးဆောင်ရွက်ရာတွင် မူဆယ်ဘက်သို့ ဝင်ရောက်လာမည့် ကုန်တင်ယာဉ်များအား ရွှေမိုင်းယုကုမ္ပဏီနှင့် (၁၀၅)မိုင် တိုးဂိတ်အနီး၌လည်းကောင်း၊ အိမ်စီးကား၊ ခရီးသည်ကားများနှင့် အခြားမော်တော်ယာဉ်များအား မူဆယ်မြို့အဝင်၌လည်းကောင်း စစ်ဆေးခဲ့ရာ မူဆယ်မြို့အဝင်တွင် ခရီးသည်များအား အဖျားတိုင်းပေးခြင်း၊ လက်သန့်ဆေးဖြင့် လက်ဆေးပေးခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း ထောက်ခံချက်များစစ်ဆေးခြင်း စသည်ဖြင့် ကျန်းမာရေးကင်းရှင်းကြောင်း ထောက်ခံချက်တစ်ခုခု ပြသနိုင်မှသာ မူဆယ်မြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုလျက်ရှိသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးမှုများ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ရွှေမိုင်းယုကုမ္ပဏီ ကိုဗစ်-၁၉ စစ်ဆေးရေးနေရာတွင် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၆ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူတစ်ပတ်အတွင်း ၃၅ ဦးနှင့်အထက် ရှိနေကြောင်း သိရသည်။

မူဆယ်မြို့နယ်အတွင်း အိုမီခရွန်ရောဂါပိုး ကူးစက်မှုကာကွယ်ရေး အသိပညာပေးမှုများကို မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်နယ်စည်းမခြား ဆရာဝန်များအသင်း၊ ကျန်းမာရေးဦးစီးဌာနနှင့် (၁၀၅) မိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိသည်။

သန့်ဇင်(မူဆယ်)