နေပြည်တော် ၁ ဖေဖော်ဝါရီ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့နေသော ဖရဲ/သခွားမွှေး၊ သစ်သီးဝလံများတရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့မှုတုံ့ဆိုင်းနေသည့်အပေါ် ဖရဲ/သခွားစိုက် တောင်သူများ၊ လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲများ အဆင်ပြေစေရေးနှင့် နစ်နာဆုံးရှုံးမှု နည်းပါးစေရေးအတွက် အရေးပေါ်ဆောင်ရွက်ရမည့် အစီအစဉ်များကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်မြို့)တွင် ဆွေးနွေးကြသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဖရဲ/ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌတို့ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး ဈေးကွက်တုံ့ဆိုင်းမှုကြောင့် ဖရဲ/သခွားမွှေး ထုတ်ကုန်များအပေါ် ပြည်တွင်းဈေးကွက်အမြန်ဆုံး ရရှိရေးနှင့် ပြည်ပဈေးကွက် တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူးမှ သွေးချင်းတို့ရဲ့ပွဲတော်ကာလအတွင်း ဆိုင်ခန်းဖွင့်လှစ်ရောင်းချရေး၊ မြေပဒေသာကျွန်းတွင် ဖရဲ/သခွားပွဲတော် ကျင်းပပြုလုပ်ရေး၊ တညှင်းကုန်းလက္ကားဈေးတွင် သယ်ယူရောင်းဝယ်ရန် နေရာစီစဉ်ဆောင်ရွက်ပေးရေး၊ ရွှေပိတောက်ငါးဈေး (လှိုင်မြို့နယ်)တွင် သယ်ယူပို့ဆောင်ရောင်းဝယ်ရန်နေရာ စီစဉ်ပေးရေး၊ ရတနာသီရိ ကုန်စိမ်းဈေး(ထောက်ကြံ့) အပေါ်ထပ်တွင် ရောင်းချရန် နေရာစီစဉ်ပေးရေး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ဈေးများအတွင်းရရှိနိုင်မည့် နေရာများတွင် ဆိုင်ခန်းများဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ပေးရေး၊ Door to Door Service စနစ်ဖြင့် ရန်ကုန်မြို့တွင်း လှည့်လည်ရောင်းချရန် စီစဉ်ဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ဘုရင့်နောင်ကုန်စည်ဒိုင်၊ အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း သယ်ယူရောင်းဝယ်ရန် နေရာစီစဉ်ဆောင်ရွက်ပေးခြင်း၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ အုပ်စု(၁၁) သိုလှောင်ရုံနှင့် ကြက်ဘဲဈေးအနီး မြန်မာ့ဂုဏ်ရောင် လမ်းမပေါ်ရှိ ကုန်သွယ်ရေးဦးစီးဌာနပိုင် တစ်ဧကခန့်ဝင်းအတွင်း ယာယီဆိုင်ခန်းဖွင့်လှစ် ရောင်းချရန် စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ ရေရှည်ဆောင်ရွက်မည့် အစီအစဉ်များအနေဖြင့် ပြည်ပတင်ပို့ရန် အရည်အသွေးမီဖရဲ၊ သခွားပို့ကုန်များ ထုတ်လုပ်တင်ပို့မည့် လုပ်ငန်းရှင်များမှ ကုန်စည်သတင်းအချက်အလက်များကို မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့သို့ပေးပို့ပြီး စီးပွားရေးသံမှူးများမှတစ်ဆင့် ပြည်ပဈေးကွက် ချိတ်ဆက်ပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရန် လိုအပ်သည့် ပံ့ပိုးမှုများဆောင်ရွက်ပေးခြင်း၊ သီးနှံများထိန်းသိမ်း သိုလှောင်ရာတွင် မဖြစ်မနေလိုအပ်သည့် Cold Chain ပါဝင်သည့် Logistic Hub များ ပေါ်ထွန်းရေးပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်းတို့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်