မူဆယ် ၁  ဖေဖော်ဝါရီ  

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အဝေးပြေးယာဉ်လိုင်းများရှိသော သိန်းသန်းချီကားကွင်း အတွင်းရှိ Experess ကားဂိတ်များတွင် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြသည်။      

     

မူဆယ်မြို့မှ နေပြည်တော်၊ မန္တလေး၊ ပခုက္ကူနှင့် ပေါက်မြို့များအထိ ကူးသန်းသွားလာနေသော မော်တော်ယာဉ်လိုင်းများပေါ်တွင် လိုက်ပါကြမည့် ခရီးသွားပြည်သူများကို  Dettol ဆပ်ပြာဖြင့် လက်သန့်အောင် ဆေးစေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Face Mask များကို အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကိုယ်ပူချိန်များ တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ ခရီးသွားပြည်သူအများစုမှာ တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်ကြပြီး ထိုသူများမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားခြင်းမရှိအောင် ယခုလို အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် Face Mask များကို တပ်ဆင်ပုံများကို လာရောက်ကြသည့် တာဝန်ရှိသူများက လိုက်လံပြသခဲ့ကာ မော်တော်ယာဉ်များပေါ်တွင် ခါးပတ် ပတ်ထားခြင်း ရှိ/မရှိနှင့် Face Mask များ တပ်ထားခြင်းရှိ/မရှိတို့ကိုလည်း လိုက်လံစစ် ဆေးခဲ့ကြသည်။

 

အဆိုပါအသိပညာပေးလုပ်ငန်းများကို မူဆယ်ခရိုင်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ညှိနှိုင်းမှုဌာန (ကလ)ခရိုင်ဦးစီးမှူး ဦးဇော်မင်းလှိုင်၊ မြန်မာ့အာမခံလုပ်ငန်းမှ ခရိုင်မန်နေဂျာ ဦးအောင်မျိုးထွန်း၊ မူဆယ်မြို့နယ် ပုဂ္ဂလိကယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ မူဆယ်ခရိုင်/မြို့နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ အမှတ်(၁၂၃) ယာဉ်ထိန်းတပ်ဖွဲ့စု (မူဆယ်ခရိုင်)တပ်ဖွဲ့ဝင်များ၊ နှလုံးလှလူမှုကူညီရေးအသင်းအဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေး အသင်းသားများသည် ကားဂိတ်များဖြစ်သည့် ကြယ်တံခွန်၊ သစ္စာဟိဏ်း၊ နေလင်းသစ္စာ၊ ပေါက်ရွှေပြည်နှင့် AA Experess ဂိတ်များမှ ခရီးသည်များကို မော်တော်ယာဉ်များမထွက်ခွါမီ အသိပညားပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် မွန်းလွဲ ၃ နာရီတွင်လည်း မော်တော်ယာဉ်များ မထွက်ခွာမီ ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စန္ဒာ(ပြန်/ဆက်)