မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် မူဆယ်မြို့ မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများအသင်း အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

 

ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြင့်တင်ရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါမှ အဖွင့်မိတ်ဆက်စကား ပြောကြားခြင်း၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံဘက်မှ ရွှေလီစမ်းသပ်မှုဇုန် အထွေထွေအုပ်ချုပ်ရေးရုံးတာဝန်ခံ ညွှန်ကြားရေးမှူး၊ မစ္စတာ လော့ဟုန်ယွီမှ အဖွင့်မိတ်ဆက်စကားပြောကြားခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အသစ်ပြန်လည် ရေးဆွဲထားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဝဏ္ဏအောင်မှ ဆွေးနွေးပြောကြားခဲ့သည်။

 

ဆက်လက်ပြီး မူဆယ်မြို့ နယူး စတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းမှ မူဆယ်မြို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့ အခွန်ဌာန ပစ္စတာကျောင်းယွန်မှ အခွန်ဆိုင်ရာစည်းမျဉ်းဥပဒေများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တယ်တုန် ပြည်နယ်ခွဲ ရင်းနှီးမြှုပ်နှံမှုဌာနမှ ဒုတိယဌာနမှူး မစ္စဖူးလီမှ ရွှေလီစမ်းသပ်မှုဇုန် နှင့်ပတ်သက်၍ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းဆွေးနွေးပွဲတွင်  မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု စီးဆင်း မြန်ဆန်စေရေးနှင့် အရည်အသွေး ကောင်းမွန်သော ကုန်ကြမ်း၊ ကုန်ချော တင်သွင်းရေးဆိုင်ရာ မူဝါဒများကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးပွဲသို့ ခရိုင်အုပ်ချုပ်ရေး ဦးလှိုင်စိုးသန့်၊ နှစ်နိုင်ငံမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များများ တက်ရောက်ကြပြီး အပြန်အလှန်ဆွေးနွေး မေးမြန်းခဲ့ကြကြောင်း သိရသည်။

 

မိုင်း(မူဆယ်)