စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယမန်နေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီးရှိ ပွဲစားကုန်သည်စက်ပိုင်များ မဟာဘုံကထိန်တော်အသင်း၏ အစည်းအဝေးခန်းမ၌ ကျင်းပသော ကုန်သည်လုပ်ငန်းရှင်များ၊ တောင်သူများ၊ ပြည်ထောင်စုသမ္မတ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများအား တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။ 
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ပြည်တွင်း/ပြည်ပ ကုန်သွယ်ရေးကို တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ တိုးတက်ရေးအတွက် ကုန်သည်လုပ်ငန်းရှင်များ၊ ကုန်စည်ထုတ်လုပ်သူ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး၍ အမြင်ချင်းဖလှယ် ဆောင်ရွက်နိုင်ရန်အတွက် လာရောက်ရခြင်း ဖြစ်ပါကြောင်း။
 
မိမိတို့နိုင်ငံ၏ လယ်ယာထွက်ကုန်များအား ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ယှဉ်ပြိုင်၍ တင်ပို့ရောင်းချနေရပါကြောင်း၊ တင်ပို့ရောင်းချသော ကုန်ပစ္စည်းများ အမျိုးအစားတူပါက အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာရန်နှင့် စားသုံးသူများ လိုအပ်သည့် အချိန်တွင် တင်ပို့ရောင်းချနိုင်မှသာ တောင်သူများနှင့် ကုန်သည်များ အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် ပဲ၊ ပြောင်း၊ သစ်သီးများအား အဓိကထား စိုက်ပျိုးထုတ်လုပ် တင်ပို့နေသော ဒေသဖြစ်သဖြင့် ကုန်စည်ဒိုင်သည် ရောင်းသူနှင့် ဝယ်ယူသူတို့အကြား အကျိုးဖြစ်ထွန်းရန် ချိတ်ဆက်ဆောင်ရွက်ပေးနေသည့် နေရာဖြစ်ပါကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူသက်သာ ချောင်ချိရေး၊ ကုန်ထုတ်လုပ်သူ မနစ်နာစေရေးတို့အတွက် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိရန် လိုအပ်ကြောင်း ပြောကြားသည်။
 
ယင်းနောက် တက်ရောက်လာကြသော ကုန်သည်လုပ်ငန်းရှင်များမှ မိမိတို့လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအား တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ်စကား ပြောကြားသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စု၊ တောင်ရင်းကျေးရွာ၌ တည်ဆောက်ထားရှိသည့် ဂျပန်နိုင်ငံ နည်းပညာဖြင့် ထုတ်လုပ်လျက်ရှိသော KIYO Myanmar ကုမ္ပဏီ၏ သီးနှံကြော်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 
 
(သတင်းစဉ်)