ဘားအံ ဧပြီ ၂၀
မူလတန်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာကို ကောင်းမွန်စွာသိရှိနားလည်ပြီး အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်အဆင့်တို့တွင် ပြန်လည် အသုံးချနိုင်စေရန် မူလတန်းပြဆရာ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Couse)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အင်္ဂလိပ်စာဘာသာစကားသည် ကျောင်းစာမေးပွဲများနှင့် နိုင်ငံတကာတက္ကသိုလ်များတွင် အောင်မြင်မှုရရှိရန် လိုအပ်သည့် စွမ်းရည်များကို လေ့ကျင့်ပေးနိုင်ခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပြီး အခြားနိုင်ငံများမှ ကျောင်းသား ကျောင်းသူများနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်ခြင်း အကျိုးကျေးဇူးများရရှိကာ နိုင်ငံအတွက်အားထားရမည့် လူငယ်များ ပေါ်ထွန်းလာစေမည် ဖြစ်သည့်အတွက် ယခုသင်တန်းကို တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများအနေဖြင့် မိမိတို့၏ တပည့်သားသမီးများကို ပြုစုပျိုးထောင်နိုင်ရန် လက်တွေ့ကျကျ သင်ယူမှတ်သားကြပြီး စာသင်ခန်းများအတွင်း ပြန်လည်အသုံးချသင်ကြား ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် ဘားအံတက္ကသိုလ် ပါမောက္ကချုပ် ဒေါက်တာစိုးစိုးအေးက သင်တန်းအတွက် စီစဉ်ဆောင်ရွက်ထားသည်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက သင်တန်းသား သင်တန်းသူများ တက်ရောက်မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းကို တက္ကသိုလ်များတည်ရှိရာ ဘားအံခရိုင်အတွင်းရှိ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့မှ မူလတန်းပြအင်္ဂလိပ်စာသင် ဆရာ ဆရာမ ၁၆၂ ဦးတက်ရောက်၍ ဘားအံတက္ကသိုလ်၊ ဘားအံပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာဦးစီးဌာနတို့မှ သင်တန်းနည်းပြများက ဧပြီ ၂၀ ရက် မှမေ ၂၂ ရက်အထိ (အစိုးရရုံးပိတ်ရက်များမပါ) သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


