နေပြည်တော် ဇွန်

 

စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန၏ အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါရုံးခွဲ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မူပိုင်ခွင့်ဥပဒေများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် “စီးပွားရေးဂေဟစနစ်ဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် မူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်” မျှော်မှန်းချက်ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း တရားဝင်လက်ခံခြင်းကို ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက် တွင်ဖွင့်လှစ်ခဲ့ပြီး လျှောက်ထား ချက်များလက်ခံခြင်းကို အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဖြင့်လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့ရှိ လျှောက်လွှာလက်ခံမည့်ဌာနများမှ တစ်ဆင့်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မူပိုင်ခွင့်ဥပဒေ (၄)ရပ်အနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ပြီးနောက် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အာဏာသက်ဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တီထွင်မှုမူပိုင်ခွင့်ဥပဒေကိုလည်း ၂၀၂၄ ခုနှစ်တွင် အာဏာတည်နိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်အောင်မြင်စွာ ဖြစ်ထွန်းပေါ်ပေါက်ရေးကို အလေးထားပြီး ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း၊ အောက်မြန်မာပြည်ရုံးခွဲကို ဖွင့်လှစ်ပေး နိုင်ခြင်းဖြင့် ရန်ကုန်မြို့နှင့် အနီးတဝိုက်ဒေသရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင် (MSME) များသည် မူပိုင်ခွင့်ပိုင်ရှင်များအနေဖြင့် အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းကို ကူညီဆောင်ရွက်နိုင်ရန် အတွက် Help Desk ကောင်တာများကိုလည်း ဖွင့်လှစ်ပေးထားပြီး ဖြစ်သည့်အတွက် မှတ်ပုံတင်လျှောက် ထားခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များကို စုံစမ်းမေးမြန်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထား ပါကြောင်း၊

 

နိုင်ငံတော်အနေဖြင့် မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းစနစ်ကို စနစ်တကျကျင်းသုံးခြင်းဖြင့် မျှတသော ဈေးကွက်ယှဉ်ပြိုင်မှု ကို ဖြစ်ထွန်းစေပြီး ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိပြီး နာမည်ထင်ရှားကျော်ကြားသည့် ဒေသထုတ်ကုန်များ၏ အရည်အသွေးများကို မြှင့်တင်ပေးနိုင်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်ကြောင့် ဒေသတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝကို ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည့် ဝန်းကျင်ကောင်းတွေကို ဖန်တီးပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း ရရှိစေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ယနေ့ခေတ်တွင် Digital စနစ်ဖြင့် ရောင်းဝယ်ဖောက်ကားမှုများ ခေတ်စားလာသည့်အတွက် ဆန်းသစ်တီထွင်မှုများကို အကာအကွယ် ပေးသည့် မူပိုင်ခွင့်ကဏ္ဍသည် ပိုမိုအရေးပါလာပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုမြှင့်တင်‌ရေးနှင့် သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ တွင် မူပိုင်ခွင့်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါကြောင်း၊ မူပိုင်ခွင့်အကာအကွယ်ပေးသည့် စနစ်နှင့် စီးပွားရေးလောကတွင် လိမ်လည်လှည့်ဖြားမှုကင်းပြီး မျှတညီညွတ်သော ဝန်းကျင်ကောင်း တစ်ခုကို ဖော်ဆောင်နိုင်မှုဖြစ်ပြီး ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၏ ခိုင်မာသောရင်းနှီးမြှုပ်နှံမှုကို အာမခံချက်ပေးလာနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြာ‌ရေးမှူးချုပ်တို့က အောက်မြန်မာပြည်(ရန်ကုန်)ရုံးခွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)