မူးယစ်အန္တရာယ် ပြည့်ရန်စွယ် အတူတကွ တွန်းလှန်ကြ

ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေအားလုံးရဲ့ ဘုံရန်သူတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတွေကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုကို ကျောက်ခေတ်ရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဘီစီ ၅၀၀၀ ကျော်လောက်ကတည်းက မြေထဲပင်လယ်ဒေသ တစ်ဝိုက်မှာ စတင်တွေ့ရှိပြီး ဘီစီ ၃၄၀၀ ခန့်လောက်မှာတော့ ဘိန်းကို ဝယ်ယူစုဆောင်းတာတွေ အစပြုခဲ့ကြပါတယ်။ အစကနဦးမှာတော့ လူတွေဟာ ဘိန်းကို ကျန်းမာရေး ရည်ရွယ်ချက်အတွက် အသုံးချခဲ့ကြပေမယ့် ၁၁ ရာစုလောက်ကနေစတင်လို့ ဖြေဖျော်ရေးသုံး ပစ္စည်း (recreational use) တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စတင်အသုံးပြုလာကြပါတယ်။

ဘိန်းကို ဖြေဖျော်ရေးသုံးပစ္စည်းတစ်ခုအဖြစ် သုံးစွဲခဲ့ကြ
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာတော့ ၁၅ ရာစုလောက်ကနေစပြီး ဘိန်းကို ဖြေဖျော်ရေးသုံးပစ္စည်းတစ်ခုအဖြစ် သုံးစွဲခဲ့ကြတယ်လို့ မှတ်တမ်းတွေမှာ တွေ့ရှိရပါတယ်။ မူးယစ် ဆေးဝါးဖြစ်တဲ့ ဘိန်းရဲ့ဆိုးကျိုးတွေကိုသိရှိလာလို့ ၁၇၂၉ ခုနှစ် ကနေစတင်လို့ တရုတ်နိုင်ငံမှာ ဘိန်းတိုက်ဖျက်ရေး ဆင်နွှဲခဲ့ကြပါ တယ်။ ဘိန်းကုန်ကူးမှုတွေကို တားဆီးပါတော့တယ်။ ဒီလိုတားဆီးခဲ့လို့ တရုတ်နိုင်ငံအတွင်းကို ဘိန်းတွေတင်သွင်းနေတဲ့ ဗြိတိသျှတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီး ပထမဘိန်းစစ်ပွဲ (၁၈၃၉-၄၂) နဲ့ ဒုတိယ ဘိန်းစစ်ပွဲ (၁၈၅၀-၆၄) က ထင်ရှားတဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့လည်း တရုတ်တို့ဘက်က စစ်ရှုံးတဲ့အတွက် နိုင်ငံရဲ့အချုပ် အခြာအာဏာပိုင်နယ်မြေတချို့နဲ့ ဆိပ်ကမ်းတွေကို လက်လွတ်ခဲ့ရပြီး လွတ်လပ်စွာ ကုန်သွယ်ခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ နိုင်ငံကို မူးယစ်ဆေးဝါးဘိန်းနဲ့ ဖျက်ဆီးခံခဲ့ရပါတယ်။ “luo hou jiu yao ai da” “အားနည်းနိမ့်ကျနေရင် အနိုင်ကျင့်ခံရလိမ့်မယ်” ဆိုတဲ့ ဆိုရိုးစကားက တရုတ်လူငယ်တွေအကြားမှာ ဘိန်းစစ်ပွဲသင်ခန်းစာတွေနဲ့အတူ ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံမှာ ပထမဘိန်းစစ်ပွဲမဖြစ်ပွားမီ ဥရောပသားတွေသယ်လာတဲ့ ဘိန်းတွေကို ဖူးကျန်ပြည်နယ်အုပ်ချုပ်ရေးမှူးက ဖမ်းဆီးမီးရှို့ခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ထိုနည်းတူပဲ အင်္ဂလိပ်တို့ရဲ့ ကိုလိုနီဖြစ်ခဲ့ရခြင်းမှ အစပြုပြီး ဘိန်းစိုက်ပျိုးမှု၊ သုံးစွဲမှုတွေ ကျယ်ပြန့်လာခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ သမိုင်းအစဉ်အလာအရကိုက ဥပဒေ အရသော်လည်းကောင်း၊ ဘာသာရေးအရသော်လည်းကောင်း၊ လူမှုယဉ်ကျေးမှုအရသော်လည်းကောင်း မူးယစ်ဆေးဝါးသုံးစွဲမှုကို အားပေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုမဟုတ်ပါဘူး။ မြန်မာဘုရင်တွေ လက်ထက်က ဘိန်းကင်း၊ ကစော်၊ လှော်စာ၊ အရက်တို့ကို မသုံးစွဲကြဖို့ တားမြစ်ထားပါတယ်။ မြန်မာလူမျိုးတွေအများစုကိုးကွယ်ရာဖြစ်တဲ့ ဗုဒ္ဓဘာသာရဲ့ ငါးပါးသီလမှာလည်း အရက်သေစာနဲ့ မူးယစ်ဆေးဝါး သုံးစွဲတာကို တားမြစ်ထားပါတယ်။ မြန်မာ့လူမှုယဉ်ကျေးမှုအရလည်း မူးယစ်ဆေးဝါးသုံးစွဲသူတွေကို “ဘိန်းစား” ရယ်လို့ ခေါ်ဝေါ်ကြပြီး လူတောမတိုးကြတော့တာ တွေ့ရပါတယ်။ ဒီလိုတားမြစ်ထားတဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေဟာ ကိုလိုနီခေတ်မှာ အင်္ဂလိပ် အစိုးရက ဘိန်းစိုက်ပျိုးမှု၊ ထုတ်လုပ်မှုနဲ့ သုံးစွဲမှုတွေကို တရားဝင်ခွင့်ပြု ထားတဲ့အတွက် အဆမတန်ကြီးထွားလာခဲ့ရပါတယ်။

အမျိုးသားရေးတာဝန်

မြန်မာအစိုးရအဆက်ဆက်ကတော့ လွတ်လပ်ရေးရကတည်းက ဘိန်းအပါအဝင်  မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို “အမျိုးသားရေးတာဝန်” တစ်ရပ်အနေနဲ့ သတ်မှတ်ပြီး သူ့နည်းသူ့ဟန်နဲ့ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြပါတယ်။ ၁၉၆၀ ပြည့်နှစ်လွန်တွေမှာ ဆောင်ရွက်ခဲ့တဲ့ ငရဲပန်းစစ်ဆင်ရေး၊ တောင်ရန်ရှင်းစစ်ဆင်ရေး၊ တောင်ထိပ်ပန်းစစ်ဆင်ရေးနဲ့ မဲလုံးစစ်ဆင်ရေးတွေက အထူးထင်ရှား ပါတယ်။ ၁၉၇၆ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိဆင်နွှဲခဲ့တဲ့ မိုးဟိန်း စစ်ဆင်ရေး အဆင့် ၁ ကနေ ၁၄ အထိ ဘိန်းစစ်ဆင်ရေးကြီးတွေ ဆင်နွှဲ ခဲ့ကြပါတယ်။ တပ်မတော်အနေနဲ့ မိုးဟိန်းမူးယစ်ဆေးဝါးတိုက်ဖျက်မှု စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့ ကာလအတွင်းမှာ တပ်မတော်အရာရှိ ၆၉ ဦး ကျဆုံးခဲ့ပြီး ၄၅၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ လည်း ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေသစ်ကို ထုတ်ပြန်ခဲ့ပြီး ယခုအချိန်အထိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေးတွေကို ၃၄ ကြိမ် ဆောင်ရွက်ခဲ့ပြီး ရေရှည်/ရေတိုစီမံကိန်းတွေနဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာတွေ့ရတဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးဆောင်ရွက်တဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေဟာလည်း စံချိန်တင်ရလောက်အောင် အားရကျေနပ် ဖွယ်ကောင်းလှပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် လတ်တလောနိုင်ငံရေးအခြေအနေတွေအရ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို အကောင် ထည်ဖော် ဆောင်ရွက်လျက်ရှိနေသလို အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကိုလည်း အထူးအလေးထားပြီး ဆောင်ရွက်နေတာကို လစဉ်မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုတွေက သက်သေပြလျက်ရှိပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုစာရင်းများအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးက မြန်မာငွေကျပ်သန်းပေါင်း ၉၇၀၂၈၈ ဒသမ ၉၇ (USD သန်းပေါင်း ၅၂၄ ဒသမ ၄၈) ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာလည်း ဇန်နဝါရီလ တစ်လအတွင်းမှာ မူးယစ်ဆေးဝါး အမှုပေါင်း ၆၆၉ မှုရှိခဲ့ပြီး ဘိန်း၊ ဘိန်းဖြူ၊ အိုက်စ်နဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေအပါအဝင် အခြား ဆက်စပ်ပစ္စည်းနဲ့ ဓာတုပစ္စည်းပေါင်း မြန်မာငွေကျပ် ၁၁၃ ဒသမ ၉ ဘီလီယံ (USD ၆၁ ဒသမ ၅၇ သန်း) ကျော်ဖိုး ဖမ်းဆီးရမိခဲ့ ပါတယ်။ ဖေဖော်ဝါရီလမှာလည်း အမှုပေါင်း ၅၅၆ မှုရှိခဲ့ပြီး မူးယစ် ဆေးဝါးပေါင်း မြန်မာငွေကျပ် ၁၃၀ ဒသမ ၅ ဘီလီယံ (USD ၇၀ ဒသမ ၅၄ သန်း) ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ်။ မတ်လမှာလည်း အမှုပေါင်း ၆၅၅ မှုရှိခဲ့ပြီး မြန်မာငွေကျပ် ၁၁၇ ဒသမ ၃ ဘီလီယံ (USD ၆၃ ဒသမ ၄ သန်း) ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ်။ ဧပြီလမှာလည်း အမှုပေါင်း ၅၂၅ မှုရှိခဲ့ပြီး မြန်မာငွေကျပ် ၁၇၅ ဒသမ ၁ ဘီလီယံ (USD ၉၄ ဒသမ ၆၅ သန်း) ကျော်ဖိုးရှိတဲ့မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးပြဿနာ 

ထူးခြားတာက ဧပြီလအတွင်းမှာပဲ လေယာဉ်ပစ်လက်နက် အပါအဝင်၊ အခြားသော လက်နက်ငယ်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဆီက ပမာဏများပြားတဲ့ ဟီရိုအင်းနဲ့ မက်သ်အဖက်တမင်းတွေနဲ့ လဲလှယ်ဖို့ စီစဉ်ထားတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် တစ်ဦးနဲ့ ထိုင်းလူမျိုး သုံးဦးကို အမေရိကန်နိုင်ငံမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

ဒီအချက်ကလည်း မြန်မာနိုင်ငံမှာ တစ်သက်လုံး မူးယစ်ဆေးဝါးနဲ့ မပတ်သက်ပါဘူးလို့ ငြင်းဆိုနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ငြင်းလို့မရနိုင်တဲ့အထောက်အထား ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးပြဿနာတွေက ဖွံ့ဖြိုးမှုနိမ့်ကျတာအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း အများအပြားရှိနေတာတွေနဲ့ နက်ရှိုင်းစွာဆက်စပ်လျက်ရှိပါတယ်။

မေလအတွင်းမှာလည်း ရှမ်းပြည်နယ်ကနေ ကရင်ပြည်နယ်ကို သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း)တန်ဖိုးငွေကျပ် ၅ ဒသမ ၁၆ ဘီလီယံ (USD ၂ ဒသမ ၇၉ သန်း) တန်ဖိုးကို ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ရှမ်းပြည်နယ်ကနေ ရန်ကုန်တိုင်းဒေသကြီးကို သယ်ဆောင်လာတဲ့ ငွေကျပ် ၅ ဘီလီယံ (USD ၂ ဒသမ ၇ သန်း) တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားပေါင်း သိန်း ၅၀ ကို မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှာ ငွေကျပ် ၇၄၂၅ သန်း (USD ၄ သန်း) တန်ဖိုးရှိတဲ့ ဘိန်းဖြူအမြောက်အမြား ဖမ်းဆီးရမိခဲ့ပါတယ်။ နောင်ချိုမြို့နယ်မှာလည်း ငွေကျပ်သိန်း ၆၆၀၀ (USD ၃ ဒသမ ၅ သိန်း) တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်မှာ မလေးရှားနိုင်ငံကို သယ်ဆောင်မယ့် ငွေကျပ် ၆ ဒသမ ၂ ဘီလီယံ (USD ၃ ဒသမ ၃၅ သန်း) ကျော်တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့ပါတယ်။ ကွန်ဟိန်း မြို့နယ်မှာလည်း ငွေကျပ်သိန်း ၅၀၀၀ ကျော် (USD ၂ ဒသမ ၇ သိန်း) တန်ဖိုးရှိ ကတ်တမင်းတွေ ဖမ်းဆီးရမိခဲ့ပြီး ဖားကန့်၊ တာချီလိတ်၊ မုဒုံ၊ ဗန်းမော်နဲ့ မြိတ်မြို့နယ်တို့မှာလည်း မူးယစ်ဆေးဝါးတွေ ဖမ်းဆီး ရမိခဲ့တာရှိပါတယ်။ တစ်လလုံးစာ မြန်မာငွေကျပ် ၃၉ ဒသမ ၈ ဘီလီယံ (USD ၂၁ ဒသမ ၅ သန်း) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ 

ရှင်းလင်းချက်။  စုစုပေါင်းတန်ဖိုး တွက်ချက်ရာတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၈၅၀ နှုန်းဖြင့်တွက်ချက်ထားပြီး အခြားမူးယစ်ဆေးဝါးအငယ်များနှင့် ဆက်စပ်ပစ္စည်းများ၏ တန်ဖိုး ကိုပါ ထည့်သွင်းတွက်ချက်ထားသည်။                  
  
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်နေတဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးစာရင်း ပေါင်းချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဇယားချုပ်ကို လေ့လာ ကြည့်ရင် ၂၀၂၂ ခုနှစ် ငါးလအတွင်းမှာ ဖမ်းဆီးရမိတဲ့ မူးယစ် ဆေးဝါးတွေရဲ့တန်ဖိုးက ၂၀၂၁ ခုနှစ် တစ်နှစ်လုံးစာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးရဲ့ ထက်ဝက်ကျော်ရှိနေပြီဆိုတာကို တွေ့ရပါတယ်။ ဒါက မူးယစ်ဆေးဝါးနှိမ်နင်းရေးတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ။

ဓာတုပစ္စည်းတွေနဲ့ချက်လုပ်တဲ့ လူလုပ်မူးယစ်ဆေးဝါး 

ဒီလိုလစဉ်ဖမ်းဆီးရမိနေတဲ့ မူးယစ်ဆေးဝါးတွေကိုကြည့်ရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာကို တွေ့ရပါ တယ်။ ဖမ်းဆီးရမိတဲ့နေရာမှာ ဘိန်းနဲ့ ဘိန်းဖြူထက် စိတ်ကြွရူးသွပ် ဆေးပြားတွေ အမြောက်အမြား ဖမ်းဆီးရမိနေတာကို တွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘိန်းမလိုအပ်ဘဲ  ဓာတုပစ္စည်းတွေနဲ့ ချက်လုပ်တဲ့ လူလုပ်မူးယစ်ဆေးဝါး (Synthetic drugs) တွေ သုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှုနဲ့ ထုတ်လုပ်မှုတွေ ပိုမိုကျယ်ပြန့်လာနေတာကို တွေ့ရပါတယ်။ 

လူလုပ်မူးယစ်ဆေးဝါးထုတ်လုပ်သူတွေနဲ့ ရောင်းဝယ်ဖောက်ကား သူတွေဟာ ဟိုးယခင်က ကိုလိုနီနယ်ချဲ့ဝါဒရဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဘိန်းကို လွတ်လပ်စွာကုန်သွယ် ခဲ့ကြရာကနေ ယခုခေတ်မှာတော့ တိုးတက်လာတဲ့ နည်းပညာတွေက တစ်ဆင့် လူသားတွေ မျိုးတုံးစေမယ့် မူးယစ်ဆေးဝါးမျိုးတွေ နယ်စည်းမခြား ထုတ်လုပ်ရောင်းချကြတဲ့ခေတ်ကို ရောက်လာပြန်ပါတယ်။ ဒီလိုမူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးတွေ ထုတ်လုပ်ဖို့ မျက်စိကျရာနေရာတွေက တရားဥပဒေစိုးမိုးမှု လျော့နည်းတဲ့ နိုင်ငံတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းပေါင်း သောင်းခြောက်ထောင်ရှိ နေတဲ့နိုင်ငံတွေ ဖြစ်လာပါတော့တယ်။ ဒီလိုနိုင်ငံတွေက ခေတ်သစ်နယ်ချဲ့ လူမျိုးတုံးဝါဒရဲ့ သားကောင်တွေများ ဖြစ်လာလေမလားလို့တောင် စဉ်းစားတွေးတောမိပါတယ်။

ဒါကြောင့် မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ကြတဲ့ နေရာမှာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေရဲ့ အင်အားသာမကဘဲ ပြည်သူတစ်ဦးချင်းစီရဲ့ အသိစိတ်ဓာတ်နဲ့ အင်အားကလည်း အဓိကကျနေတာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးဆိုတာ လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ ဘဝကို ဖျက်ဆီးပစ်နိုင်ရုံသာမက လူ့အဖွဲ့အစည်း တစ်ခုချင်းစီ ဒါမှမဟုတ် လူသားမျိုးနွယ်ထုတစ်ခုလုံးကို ပြုတ်ပြုတ် ပြုန်းသွားစေနိုင်တဲ့အထိ အန္တရာယ်ရှိတယ်ဆိုတာကို ရင်ထဲအသည်း ထဲက နားလည်သဘောပေါက်ကြဖို့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေး ရေးလုပ်ငန်းတွေ အထူးလိုအပ်နေတာဖြစ်ပါတယ်။ 

မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့  မူးယစ် ဆေးဝါးတွေ ပြည်သူတွေနဲ့ လူငယ်တွေကြားကို ရောက်မသွားလို့ သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းတွေကို အထူးကျေးဇူးတင် ထိုက်ပါတယ်။ ဆက်လက်ပြီး မိမိရဲ့နိုင်ငံနဲ့ လူမျိုးကို ထိခိုက်ပျက်စီးစေမယ့် မူးယစ်ဆေးဝါးအန္တရာယ်ကို မိဘပြည်သူ တစ်ဦးချင်းစီကပါ အသိစိတ်ဓာတ်ရှိရှိနဲ့ ဝိုင်းဝန်းကာကွယ်တားဆီးကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပါတယ်။  ။

အောင်ရှင်း