မြစ်ကြီးနား      ၁၀  ဖေဖော်ဝါရီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာနမှ ဦးဆောင်၍ ကချင်ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များနှင့် ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၏ မူးယစ်ဆေးစွဲသူများ အတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရုံး၌ ပြုလုပ်သည်။

 

220

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲသည် မူးယစ်ဆေးသုံးစွဲသူများအတွက် ပြန်လည်ထူထောင်ရေး၊ လူ့အဖွဲ့အစည်းအတွင်း ပြန် လည်ပေါင်းစည်းရေးနှင့် နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အနေရာတွင် မိမိတို့အစိုးရအဖွဲ့နှင့်အတူ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တား ဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် ဒုတိယ ဥက္ကဋ္ဌ ပြည်နယ်ဥပဒေချုပ်တို့က ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ထွန်းက ဝန်ကြီးဌာန၏ ရည်ရွယ်ချက်များနှင့် ဦးစီးဌာန၏ လုပ်ငန်းကဏ္ဍများအကြောင်းကို ရှင်းလင်းပြောကြား ကြသည်။

 

ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးက ဦးစီးဌာန၏ လုပ်ငန်းကဏ္ဍများကို ရှင်းလင်းပြောကြားပြီး KBC ၊ OSM ၊ SARA ၊ UNODC ၊ VSWA ၊ Heat The World စသည့် အရပ်ဖက်အဖွဲ့ အစည်းများက အဖွဲ့အစည်းတစ်ခုခြင်းစီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

 

552

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၀ နှင့် ၁၁ ရက် (၂)ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အသင်းအဖွဲ့ဆိုင်ရာ မှတ်ပုံတင်ခြင်းကဏ္ဍ၊ အနာဂတ် ပူးပေါင်း ဆောင်ရွက်မှုခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း၊ ဘုံသဘောတူညီမှုဖြင့် စံလုပ်ငန်းများသတ်မှတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ၊ သက်မွေးသင်တန်းများ အကြောင်းနှင့်  နောက်ဆက်တွဲ စောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ အဖြေရှာခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)