ဒီးမော့ဆို ၁၈ ဇွန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အနေဖြင့် ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သိရှိနားလည်စေရန်အတွက် ပန်းချီနှင့် ကာတွန်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ ကျောင်းသားကျောင်းသူများ သိရှိနားလည်စေရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး "အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့" ၊ "အပေါင်း အသင်းရွေးချယ်ပါ"၊ "ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ မူးယစ်ရန် မီးငြိမ်းသတ်စို့"၊ "နိုင်ငံကိုချစ် လူမျိုးချစ် မူးယစ်မှန်သမျှ တိုက်ဖျက်ပစ်"၊ "မျိုးဆက်သစ်ဘဝ လှပဖို့ မူးယစ်မှန်သမျှ ရှောင်ရှားစို့"၊ "ဦးစွာ နားထောင်ပါ" စသော ခေါင်းစဉ်များကို ပေးထားကာ ကျောင်းသားကျောင်းသူများအား နှစ်သက်ရာ ခေါင်းစဉ် တစ်ခုခုဖြင့် ယှဉ်ပြိုင်စေကြောင်း သိရသည်။
ပန်းချီပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ၅၉ ဦး၊ ကာတွန်းပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ၁၀ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ရီရယ်(ဒီးမော့ဆို)