နေပြည်တော် ၂၆ဇွန်

ယနေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည်။ မူးယစ်ဆေးဝါးသည် လူသားမျိုးနွယ်ထုတစ်ရပ်လုံးကို လူညွန့်တုံးအောင် ဖျက်ဆီးနေသော က္ဘာ့အ္တရာယ်ဆိုးကြီးဖြစ်၍ နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးကို က္ဘာလုံးဆိုင်ရာ နေ့တစ်နေ့အဖြစ် သတ်မှတ်ပြီး အလေးအနက်ထား ဆောင်ရွက်နေခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးအန္တရာယ်သည် စစ်အေးလွန်ကာလ နောက်ပိုင်းမှစ၍ တစ်ကမ္ဘာလုံး တဖြည်းဖြည်းကျယ်ပြန့်လာရာ ၁၉၈၇ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာ၌ နိုင်ငံများ၏နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုး တိုးတက်မှုနှင့် အရင်းအမြစ်ပိုင်ဆိုင်မှု၊ တည်နေရာနှင့် ပထဝီမြေအနေအထားတို့ အပေါ်တွင် အခြေခံပြီး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသည်

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်း သုံးခုကို အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးထားသည်။ ထိုကွန်ဗင်းရှင်းနှင့်အညီ ဥပဒေများ ပြဋ္ဌာန်းပြီး မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းများ ဖွဲ့စည်း၍ စီမံကိန်းများရေးဆွဲကာ အကောင်အထည်ဖော်လျက် ရှိသည်။ မူးယစ်ဆေးဝါးဆိုင်ရာ လုပ်ငန်းအဖွဲ့ ၁၀ ဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံရယူနိုင်ရန် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေး ဌာနကို နိုင်ငံတော်သမ္မတရုံးတွင်ဖွင့်လှစ်ထားရှိကြောင်း ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် အများပြည်သူသို့ အသိပေးထုတ်ပြန်ကြေညာခဲ့သည်။ ဤသို့ဆောင်ရွက်ခဲ့သောကြောင့် အဆိုပါဌာနသို့ ထိုနေ့မှစ၍ ယနေ့ကာလအထိ အသိပေး တိုင်ကြားမှုများ၊ ဖမ်းဆီးအရေးယူမှုများ အပတ်စဉ်၊ လစဉ်အမြောက်အမြားရှိလာသည်

မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားပေးပို့သော သတင်းများကို စိစစ်ဖော်ထုတ် အရေးယူလျက်ရှိသည့်အပြင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သီးခြားရရှိသော မူးယစ်ဆေးဝါးသတင်းများအပေါ် စိစစ်ဖော်ထုတ်ခြင်း၊ နယ်စပ်ပူးပေါင်းစစ်ဆေးရေး ဂိတ်များတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ နယ်မြေရှင်းလင်းခြင်း၊ သတင်းအရ ယာဉ်များကို ရှာဖွေစစ်ဆေးခြင်း၊ အချို့ဒေသများတွင် စီမံချက်ဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိသည်။

မူးယစ်ဆေးဝါးသည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေး နယ်ပယ်အသီးသီးတွင် ထိုးဖောက်ဝင်ရောက်ပြီး လူမှုဘဝနှင့်အသိုက်အဝန်းကို ပျက်စီးအောင် ဖန်တီးနေဆဲဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာတွင် ငွေကြေး အမြောက်အမြားရရှိခြင်းသည် အဓိကအကြောင်းအချက်တစ်ခုဖြစ်ပြီး မူးယစ်ဆေးဝါး၏အစ ဘိန်းစိုက်ပျိုးသည့် လူမှုဘဝ မဖွံ့ဖြိုးမှုသည်လည်း အရင်းခံအ ကြောင်းရင်းဖြစ်သည်။ ထို့ကြောင့် ဘိန်းစိုက်တောင်သူများ၏ဘဝကို ကယ်တင်နိုင်ရေး၊ တောင်တန်းဒေသနေ တိုင်းရင်းသားများ၏ လူမှုဘဝဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ဘဝ ပြန်လည်ထူထောင်ရေးတို့အတွက် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ပြီး စီမံကိန်းများကို အပိုင်းခွဲပြီး ဆောင်ရွက်နေရာ ယခုနှစ်ကုန်တွင် စီမံကိန်းပြီးဆုံးတော့မည် ဖြစ်သည်။

မူးယစ်ဆေးဝါးပြဿနာသည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဒဏ်ကြောင့် တရားဥပဒေစိုးမိုးရေးကို နယ်စပ်အထိ ဖြန့်ကြက်ဆောင်ရွက်နိုင်ခြင်း မရှိသရွေ့ ရောင်းဝယ်ဖောက်ကားမှုများ ကျယ်ပြန့်နေမည်ဖြစ်သည်။ သို့ဖြစ်ရာ မူးယစ်ဆေးဝါးပြဿနာကို ယနေ့ထိရောက်စွာ အမြစ်ပြတ်မဆောင်ရွက်နိုင်ပါလျှင် နောင်လာမည့် ဆယ်စုနှစ်ကာလများတွင် နိုင်ငံအတွက် မတွေးဝံ့စရာဖြစ်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းကိုတဖြည်းဖြည်း ဝါးမျိုပြီး လူငယ်ထုကို အညွန့်ချိုးကာ နိုင်ငံ၏ဂုဏ်သိက္ခာကို ဖျက်ဆီးနေသော မူးယစ်ဆေးဝါးအန္တရာယ်ကို ဝိုင်းဝန်းစုပေါင်း၍ ပိုမိုနှိမ်နင်းကြဖို့ တိုက်တွန်းပါသည်။ ။

ကြေးမုံ