ဒီးမော့ဆို ၁ သြဂုတ်
မူးယစ်ဆေးဝါး ပပျောက်ရေးစီမံကိန်းဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပျားမွေးမြူရေးလုပ်ငန်း အထောက်အကူ ပြုနိုင်ရန်အတွက် ပျားမွေးမြူရေးပုံးများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာအုပ်စု ဆောင်ဒူကျေးရွာတွင် ကျင်းပသည်။
ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က အမှာစကား ပြောကြားပြီး ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ပျားမွေးမြူရေးပုံး ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မူးယစ်ဆေးဝါး ပပျောက်ရေးစီမံကိန်းဖြင့် ပေးအပ်သော ပျားမွေးမြူရေးပုံးများကို ကျေးရွာပြည်သူလူထုများထံ ပေးအပ်သည်။
မူးယစ်ဆေးဝါး ပပျောက်ရေးစီမံကိန်းဖြင့် ကျေးရွာပြည်သူလူထုများအား အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် ဌာနအနေဖြင့် ပျားမွေးမြူရေးပုံး (၂၅) ပုံး တန်ဖိုးအားဖြင့် ငွေကျပ် ၁၇ သိန်းကို ပေးအပ်သွားမည်ဖြစ်ပြီး ပျားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် စာတွေ့လက်တွေ့သင်တန်းကို ငါးရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ကြောင်း မြို့နယ်ပျားလုပ်ငန်းဌာန ဦးစီးအရာရှိ ဦးခင်မောင်တင်ထံမှ သိရသည်။
ရီရယ်(ဒီးမော့ဆို)