စေတုတ္တရာ ၊  ၂၂ ဇွန်          
    
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်  ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
    
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏အကြောင်း၊မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်နှင့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း စသည့်အချက်များ ထည့်သွင်း ဖော်ပြထားပါ သည်။
    
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို စေတုတ္တရာမြို့ စည်ပင်သာယာဈေး အတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် မြို့ပေါ်ကျောင်းများသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထိုသတင်းစကား လက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေခဲ့ပြီး တစ်နိုင်ငံလုံးသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။     
                                                                      

ပေါက်ပေါက်(ပြန်/ဆက်)