ကမ္ဘာ့နိုင်ငံများအားလုံးသည် မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေး တာဝန်အဖြစ်သတ်မှတ်ပြီး အစဉ်အဆက် တိုက်ဖျက်လာခဲ့ကြသည်။ မူးယစ်ဆေးဝါးကို အလေးထား တိုက်ဖျက်ကြသော်လည်း ယနေ့ထက်တိုင် ကြီးထွားနေဆဲ ဖြစ်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာသည် လူမှုဘဝနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် အခြေအနေမှ နောက်ပိုင်းတွင် နိုင်ငံအဆင့် ကျယ်ပြန့်သည့် အန္တရာယ်များအထိ ဖြစ်လာသည်။
မူးယစ်ဆေးဝါးသုံးစွဲမှု၊ တရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်မှုများကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးတို့ကို ထိခိုက်ပျက်စီးစေပြီး နိုင်ငံအတွင်း၌ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေးစီးဆင်းမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်ချစားမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းများဖြစ်ပေါ်စေမှု စသည့်ဆိုးကျိုးပြဿနာများရှိလာခဲ့သည့်အပြင် မူးယစ်ဆေးဝါးမှရရှိလာသောငွေကြေးများကြောင့် နိုင်ငံတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပါ ထိခိုက်စေလျက်ရှိသည်။
ယနေ့ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းတိုက်ဖျက်နှိမ်နင်းလျက် ရှိသောကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း အမြောက်အမြားကို မကြာခဏ ဖမ်းဆီးနိုင်ခဲ့သည်။ မကြာသေးမီရက်ပိုင်းက ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်လာသော မူးယစ်ဆေးဝါး အိုက်စ် (မက်သ်အဖက်တမင်း) တန်ဖိုး ငွေကျပ် ၅ ဒသမ ၁၆ ဘီလီယံတန်ဖိုးကို ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်လာသော ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ကို မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်။
၂၀၂၁ ခုနှစ်က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့ နေရာသုံးနေရာတွင် မီးရှို့ဖျက်ဆီးခဲ့ရာ ဘိန်းကီလို ၃၈၇၀ ကျော်၊ ဘိန်းဖြူ ၂၅၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ်ကီလို ၁၄၀၈၀ ကျော်၊ ဆေးခြောက် ၇၃၉ ကီလိုကျော်၊ ကတ်တမင်း ၂၈၉ ကီလိုကျော်နှင့် ကဖင်း တစ်တန်ခွဲကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၂ မျိုး စုစုပေါင်း တန်ဖိုးငွေကျပ် ၁၀၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၆၇ သန်း ကျော်)နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း အမျိုးပေါင်း ၆၀ တို့ကို ဖျက်ဆီးနိုင်ခဲ့သည်။
ယခုအခါ မူးယစ်ဆေးဝါးကို အဆင့်မြှင့်တင်ထုတ်လုပ်လာရာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာ ဓာတုပစ္စည်းများ တရားမဝင်နည်းလမ်း မျိုးစုံဖြင့် ဝင်ရောက်လာသဖြင့် လူလုပ်မူးယစ်ဆေးဝါးထုတ်လုပ်မှု မြင့်မားလာသည်။ ဈေးနှုန်းသက်သာပြီး အရည်အသွေးအဆင့်မြှင့်ထားသော လူလုပ်ဆေးဝါးသစ်များ ထွက်ပေါ် နေသည့်အပြင် နည်းပညာများ တိုးတက်လာမှုနှင့်အတူ ဒေသတွင်း၊ ဒေသအပြင်ဘက်ရှိ မူးယစ်ဆေးဝါး မှောင်ခို ဂိုဏ်းများ၏ ပါဝင်ပတ်သက်မှု၊ ဈေးကွက်ချဲ့ထွင်မှု၊ သယ်ဆောင်ရောင်းဝယ်မှုပုံစံ ပြောင်းလဲလာမှုတို့ကြောင့် မူးယစ်ဆေးဝါး ပြဿနာ ဆက်လက်ကြီးထွားနေခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်ရန်အတွက် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အဓိကပါဝင်ရသည့် ပရီကာဆာ ဓာတုပစ္စည်းများကို ထိန်းချုပ်နိုင်ရေးသည် အရေးအကြီးဆုံးအချက်ဖြစ်သည်။
မူးယစ်ဆေးဝါးများ အဆက်မပြတ်ပေါ်ထွက်နေခြင်းသည် နိုင်ငံ၏ နယ်စပ်ဒေသများတွင် ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ တရားမဝင် ထုတ်လုပ်သည့်စက်ရုံများနှင့် လျှို့ဝှက်ဓာတ်ခွဲခန်းများ တည်ဆောက်လုပ်ကိုင် နိုင်မှုတို့ကြောင့် ဖြစ်သည်။ ၎င်းစက်ရုံများမှထွက်ရှိသည့် မူးယစ်ဆေးဝါးများကို နိုင်ငံအတွင်း သယ်ဆောင်ရောင်းဝယ်ကြပြီး ပြည်ပသို့ ဆက်လက်ပို့ဆောင် ရောင်းဝယ်ခြင်းများအထိရှိလာ၍ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် မပါမဖြစ်အဓိက အသုံးပြုသည့် ဓာတုပစ္စည်းများအား ထိရောက်စွာ ထိန်းချုပ်နိုင်ရေးကို အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းလက်တွဲ၍ တိုက်ဖျက်ထိန်းချုပ်သွားရမည်ဖြစ်သည်။
သို့ဖြစ်ရာ မူးယစ်ဆေးဝါးသည် မျက်မှောက်ကာလတွင် နိုင်ငံအဆင့်အထိ အန္တရာယ်ပေးလာသည့် အခြေအနေ ဖြစ်နေသောကြောင့် နိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါးချက်လုပ်သည့် စက်ရုံများကို တိုက်ဖျက်ရှင်းလင်းပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ဖောက်ကားမှုများကို တားဆီးထိန်းသိမ်းကာ ဓာတုပစ္စည်းများထိန်းချုပ်ရေးကို အိမ်နီးချင်းနိုင်ငံများနှင့်အတူလက်တွဲ၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဆိုပါက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
ကြေးမုံ


