အိမ်မဲ နိုဝင်ဘာ ၁၀

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နိုဝင်ဘာ ၉ ရက် နံနက်(၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူ Womem club အဖွဲ့ဝင်များဖြင့် " မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် " ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

 

စာဖတ်ဝိုင်းတွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး  ဦးလွှမ်းသီဟက  လူငယ်လူရွယ်များ  စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊  စာအုပ်စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ရင့်သန်လာစေရန်နှင့် လူသားများအား ဒုက္ခပေးနေသည့် မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးစွဲလွယ်သည့် လူငယ်တို့၏ စိတ်နေသဘောထားများ၊ ရောဂါလက္ခဏာများအား  အသိပညာရရှိစေရန် ရည်ရွယ်၍  စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း  ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်  စာအုပ်စာစောင်  ချစ်မြတ်နိုးသူ Womem club အဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊ သြဂုတ်လက ထွက်ရှိသည့် အတွဲ (၄၈) ၊ အမှတ် (၈) သုတပဒေသာ စာစောင်တွင် ပါရှိသော စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ရေးသားထားသည့် " မူးယစ်ဆေးတို့၏ သဘာဝ "၊ " အသုံးများသော မူးယစ်ဆေးများ " ၊ " မူးယစ်ဆေးကို လူက စွဲလမ်းသွားစေမှု "၊ " လူငယ်တို့နှင့် မူးယစ်ဆေးဝါး"၊ " မူးယစ်ဆေးစွဲ လူငယ်၏ ထူးခြားမှုများ" ၊ " မည်သို့ တားဆီးမည် " စသည့် ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာသူများက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)