မူးယစ်ဆေးဝါးကို လူတို့သုံးစွဲမှုက နှစ်ပေါင်းထောင်ချီ၍ ရှိပြီဖြစ်သည်။ ကနဦးတွင် သဘာဝအလျောက် ပေါက်ရောက်သည့် ဘိန်း၊ ဆေးခြောက်၊ ကိုကာကဲ့သို့သော မူးယစ်စေတတ်သည့် အပင် တို့၏ အစိတ်အပိုင်းများကို နည်းလမ်းအမျိုးမျိုးဖြင့် သုံးစွဲခဲ့ကြခြင်း ဖြစ်သည်။ မူလက သုံးစွဲမှုတွင် နာကျင်မှုဝေဒနာကို ပျောက်ကင်း စေတတ်သည့် အာနိသင်နှင့်အတူ မူးယစ်မှုကလည်း စွဲလမ်းစေ တတ်ခြင်းကြောင့် တစ်စတစ်စနှင့် စွဲလမ်းလာကြခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးသုံးစွဲမှုက လူ့အဖွဲ့အစည်းအတွက် အန္တရာယ် ရှိသည်။ သုံးစွဲသူတစ်ဦးတည်းအတွက် အန္တရာယ်ရှိသလို ၎င်းနှင့် ဆက်စပ်ပတ်သက်နေသည့် မိသားစု၊ လူမှုအသိုက်အဝန်းအတွက် လည်း အန္တရာယ်ရှိသည်။ မူးယစ်ဆေးဝါးကို ပထမဆုံးအကြိမ် သုံးစွဲသူကိုပင် ဆေး၏ အာနိသင်က သက်ရောက်သည်။ ပုံမှန် စိတ်အခြေအနေမဟုတ်တော့ဘဲ ပြောင်းလဲသွားစေသည်။ ရေရှည် သုံးစွဲလာသည့်အခါတွင် အမူအရာတို့ မသိမသာ ပြောင်းလာပြီး အကျင့်ပျက်လာသည်။ ကျောင်းသားတစ်ယောက် မူးယစ်ဆေးဝါး ကို မှန်မှန်သုံးစွဲလာပြီဆိုပါက သူငယ်ချင်းများကို စွန့်ခွာလာသည်။
ကျောင်းခဏခဏ ပျက်လာသည်။ ကျောင်းစာကို စိတ်မဝင် စားတော့ဘဲ ထိုင်းမှိုင်းတွေဝေလာသည်။ စကားပြောပုံ ပြောင်းလဲလာသလို လိမ်ညာ၍လည်း ပြောတတ်လာသည်။
အလုပ်လုပ်နေသည့် လူငယ်တစ်ယောက် မူးယစ်ဆေးဝါးသုံးစွဲ နေပါကလည်း ထိုနည်းနှင်နှင်ပင်း၊ လုပ်ငန်းခွင် မကြာခဏပျက်ကွက် မှု၊ လေးလံထိုင်းမှိုင်းမှု၊ ဆုံးဖြတ်ချက်များ မှားယွင်းပြီး အမှားမှား အယွင်းယွင်းလုပ်ကိုင်မှု၊ လုပ်ငန်းခွင်မှ မကြာခဏထွက်ခွာသွားမှုတို့ ဖြစ်လာသည်။ မူးယစ်ဆေးဝါး စွဲလမ်းနေပြီဆိုလျှင်မူ သည့်ထက်ပို၍ ဆိုးဝါးသည့် အခြေအနေသို့ ကျရောက်သွားရတော့သည်။ သို့ဖြစ်၍ မူးယစ်ဆေးဝါးကို ရှေးနှစ်ပေါင်းများစွာကပင် ယခုချိန်အထိလူသား တို့ အတွက် အန္တရာယ်အဖြစ် လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲ မှုကို မကောင်းမှုအဖြစ်၊ ဒုစရိုက်အဖြစ်လည်းကောင်း ကိုးကွယ်ရာ ဘာသာတရားများနှင့်တကွလူ့အဖွဲ့အစည်းအားလုံးတို့ကသတ်မှတ် ပြဋ္ဌာန်းခဲ့ကြခြင်းဖြစ်သည်။
လူသားမျိုးနွယ်အပေါ် အန္တရာယ်ဖြစ်သည့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် နှစ်စဉ်ဇွန်လ၂၆ရက်နေ့ကို“အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ "အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံက ၁၉၈၇ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှစ၍ နှစ်စဉ်ကမ္ဘာတစ်ဝန်း၌ အခမ်း အနားများ ကျင်းပခဲ့သည်။ မူးယစ်ဆေးဝါးပြဿနာသည် လူ့သမိုင်း တစ်လျှောက်တွင် တည်ရှိခဲ့ရာ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင်ရောင်းချခြင်းတို့ကို ဒုစရိုက်ဂိုဏ်းသားများ၊ သမလောဘသမားများ၊ လက်နက်ကိုင်အဖွဲ့အစည်းများကအကျိုးအမြတ် ကြီးကြီးမားမားရရှိသည့် လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိခြင်း၊ အကျင့်ပျက်ဝန်ထမ်းများ ပါဝင်ပတ်သက်နေကြခြင်း စသည့် ရှုပ်ထွေးသည့် အခြေအနေများကြောင့် မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းစဉ်များ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်ရန်မှာ များစွာ ကြိုးပမ်းကြရဦးမည်ဖြစ်သည်။
အဓိကအကျဆုံးအချက်မှာမူ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူ များ၏ အဓိကပစ်မှတ်မှာ လူငယ်များ၊ ကျောင်းသား ကျောင်းသူများ ဖြစ်ခြင်းကြောင့် မိဘ၊ ဆရာများအနေဖြင့် မိမိတို့၏ သားသမီး တပည့်များကို လမ်းမှားသို့ မရောက်ရှိသွားစေရန်၊ မူးယစ်ဆေးဝါး ၏ အန္တရာယ်များကို ပညာပေးရန်အတွက် စဉ်ဆက်မပြတ်ရော မျက်ခြည်မပြတ်ပါ ဆောင်ရွက်စောင့်ရှောက်ကြဖို့ပင် ဖြစ်သည်။ စွန့်စားတတ်၊ စူးစမ်းတတ်သည့် လူငယ်တို့၏ သဘာဝကို အသုံးချကာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများက လူငယ်များအတွင်း ထိုးဖောက်ဝင်ရောက်လာနိုင်မည့် အခြေအနေများကိုလည်း မိဘ ဆရာသမားတို့က သတိရှိရှိဖြင့် အကဲခတ်စောင့်ကြပ်ပေးကြရန် လိုအပ်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း လူငယ်ဝါသနာပါရာ အားကစား၊ စာပေ၊ အနုပညာ၊ တီထွင်ဖန်တီးမှုများ စသည်ဖြင့် ဖွံ့ဖြိုးမှုလုပ်ငန်းများဆီသို့ လူငယ်များကို စိတ်ပါဝင်စား ဆောင်ရွက် လာစေရေး ဖော်ဆောင်ပေးခြင်းအားဖြင့် ဗလငါးတန်ဖြင့် ပြည့်စုံ သည့် လူသားအရင်းအမြစ်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက် ပါစေကြောင်း။