ကွတ်ခိုင် ၂၂ ဇွန်
(၂၀၂၀) ပြည့်နှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်းအခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ဇွန် ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ကျင်းပသွားမည်ဟု ကွတ်ခိုင်မြို့၊ မြို့မရဲစခန်းမှ သိရသည်။
ကွတ်ခိုင်မြို့၊ မြို့မရဲစခန်း၌ အမှုဖွင့်ထားသည့် မူးယစ်ဆေးဝါးအမှုစုစုပေါင်း(၅၅)မှုမှ ကာလတန်ဖိုး စုစုပေါင်း(၃ ဒသမ ၃၈) ဘီလျံကျော်ရှိ သက်သေခံထိန်းချုပ်ဓာတုပစ္စည်း အမျိူးအစားစုစုပေါင်း (၄၇)မျိုးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်း အမျိုးအစားစုစုပေါင်း (၅၀)မျိုးတို့ကို ဖျက်ဆီးမည်ဖြစ်သည်။
အဆိုပါ ဖျက်ဆီးမည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာ အနီးတစ်ဝိုက်တွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကွတ်ခိုင်မြို့၊ ကချင်သင်္ချိုင်းကုန်းအနီး၊ အမှိုက်စွန့်ပစ်သည့်နေရာ၌ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းဘဉာဏ်(ကွတ်ခိုင်)


