၂၅ ဇွန်


မြန်မာနိုင်ငံတွင် ဘိန်းဖြူ၊ ဘိန်းစိမ်း (သို့) ပြုပြင်ထားသောဘိန်း၊ ဆေးခြောက် (သို့) ဆေးခြောက် အဆီ၊ ကိုကားရွက်၊ မော်ဖင်း၊ ကိုကင်း၊ စိတ်ကြွရူးသွပ်ဆေးပြား၊ မက်အက်ဖီတမင်း ဟိုဒရိုကလိုရိုက် (အိုက်စ်)၊ အက်ဖီဒရင်း၊ ဆူဒိုအက်ဖီဒရင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မူးယစ်ဆေးဝါး (သို့) စိတ်ကို ပြောင်းလဲစေသောဆေးဝါးအတွက် အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော ဆေးဝါးများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဟု သတ်မှတ်ထားပါသည်။

 

ဘိန်းဖြူ၊  မော်ဖင်း၊  ဘိန်းဖြူနှင့်မော်ဖင်း နှစ်မျိုးပေါင်း၊ ကိုကင်း၊ စိတ်ကြွရူးသွပ်ဆေးပြား၊ မက်အက်ဖီတမင်း၊ ဟိုဒရိုကလိုရိုက်၊ အက်ဖီဒရင်း (သို့)  ဆူဒိုအက်ဖီဒရင်း  တစ်မျိုးမျိုးကို  (သို့) တစ်မျိုးမကကို ၃ ဂရမ်အထိနှင့်အထက် လက်ဝယ်ထားရှိပါက ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသည့် အလေးချိန်ဟုလည်းကောင်း၊  ဘိန်းစိမ်း၊  ပြုပြင်ထားသောဘိန်း၊ ဆေးခြောက်အဆီ၊   ကိုကားရွက်တစ်မျိုးမျိုး (သို့)  တစ်မျိုးမကကို ၁၀ဝ ဂရမ်အထိနှင့် အထက် လက်ဝယ်ထားရှိပါက ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသည့်   အလေးချိန်ဟုလည်းကောင်း၊ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ  ဥပဒေပုဒ်မ-  ၁၉(က)တွင် သတ်မှတ်ထားပြီး ထိုပုဒ်မအတွက်  ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး  ၁၀ နှစ်မှအများဆုံး    နှစ်အကန့် အသတ်မရှိ ထောင်ဒဏ် ချမှတ်ရမည်ဖြစ်ကြောင်းနှင့် ၃ ဂရမ်အောက်နှင့် ၁၀ဝ ဂရမ်အောက် လက်ဝယ်ထားရှိပါက သုံးစွဲရန်အလို့ငှာ လက်ဝယ် ထားရှိသည်ဟု ယင်းဥပဒေပုဒ်မ-၁၆(ဂ)  တွင် သတ်မှတ်ထားပြီး ၁၆(ဂ)  အတွက် ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး  ငါးနှစ်မှ အများဆုံး  ၁၀  နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း  ချမှတ်နိုင်ကြောင်း  ပြဋ္ဌာန်းထားပါသည်။    စိတ်ကြွရူးသွပ်ဆေးပြားတစ်ပြားလျှင် ပျမ်းမျှအလေးချိန် ဝ ဒသမ ၁  ဂရမ်ခန့်ရှိတတ်ပြီး  ကော်ဖီမစ်  (သို့)  တီးမစ် အထုပ်သေးတစ်ထုပ်၏ ပျှမ်းမျှအလေးချိန်မှာ  ၃၀ ဂရမ်ခန့်အထိ ရှိတတ်ကြောင်း၊  အလေးချိန်ကို နှိုင်းယှဉ်တွက်ဆနိုင်အောင် တင်ပြလိုပါသည်။

 

နည်းပညာဖွံ့ဖြိုးလာသည်နှင့်အမျှ အလွယ်တကူရလာ


နည်းပညာတိုးတက်လာသည့် ယနေ့ခေတ်အခါသမယတွင် မူလကုန်ကြမ်းဖြစ်သည့် မူးယစ် ဆေးဝါးအမျိုးမျိုးတို့ကို ပြုပြင်ပြောင်းလဲ၍ အသင့်သုံးစွဲနိုင်သည့်အခြေအနေ (ပုံစံ)သို့ ပြင်ဆင်ထုတ် လုပ်လာနိုင်နေပြီဖြစ်ပါသည်။  ပြင်ဆင်ထုတ်လုပ်ရာတွင် လိုအပ်သော ဓာတုပစ္စည်းအမျိုးမျိုးတို့နှင့် စက်ကိရိယာတန်ဆာပလာတို့သည်လည်း ယခင်ကာလကလောက်  မရှားပါးတော့ပေ။  ထို့ကြောင့် ပြင်ဆင်ထုတ်လုပ်ထားသည့် အသင့်သုံး ကုန်ချောမူးယစ်ဆေးဝါးများသည်လည်း ပမာဏပေါများစွာဖြင့် စိမ့်ဝင်ပျံ့နှံ့လာလျက်ရှိနေပေသည်။

 

သင့်သုံးကုန်ချော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု၏ အဓိကအခြေခံအရင်းအမြစ်သည်  ထုတ်လုပ်မှုများကြောင့်ဟု ဆိုရပေမည်။ ထုတ်လုပ်မှုနှင့်တစ်ဆက်တည်း သယ်ဆောင်ဖြန့် ဖြူးခြင်းများကိုအမိအရ အဓိကဖမ်းဆီးဖော်ထုတ်နိုင်ပါက  မြန်မာနိုင်ငံအတွင်းသို့  မူးယစ်ဆေးဝါးစိမ့်ဝင်ပျံ့နှံ့မှုများ တဖြည်းဖြည်း လျော့နည်းလာလိမ့်မည်ဖြစ်သည်။  လက်ရှိ   ပကတိကာလအရ အလုံးအရင်းဖြင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး များကို အများအားဖြင့် မြန်မာနိုင်ငံနှင့်နယ်နိမိတ် ချင်းထိစပ်နေသော နယ်စပ်ဒေသဧရိယာများ၌ လည်းကောင်း၊ နယ်စပ်ဧရိယာများမှ မြန်မာနိုင်ငံအတွင်းထဲသို့ သယ်ဆောင်လာရင်းဖြင့်လည်းကောင်း ဖမ်းဆီးရမိကြောင်း တွေ့ ရလေ့ရှိပါသည်။ ဤအချက်ကို  ကြည့်ခြင်းအားဖြင့်   မြန်မာနိုင်ငံဧရိယာ(မြို့ပြဧရိယာ) အပါအဝင်၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့်  ထုတ်လုပ်ခြင်း၊  သယ်ဆောင်ခြင်းကြောင့်ဟု ယူဆရမည်ဖြစ်ပါသည်။

 

နိုင်ငံရပ်ခြားသို့ လူကုန်ကူးခံရသူများ၊ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်သူများ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများတို့သည် သက်ဆိုင်ရာနိုင်ငံ၏ လူကုန်ကူးသူများ၊ အလုပ်ရှင်များ၊ ရွှေ့ပြောင်းနေထိုင်ကြသည့်နေရာဒေသရှိ မသမာသူ၊ တရားမဝင်ကြီးကြပ်အုပ်ချုပ်သူတို့၏ အနိုင်ကျင့် လွှမ်းမိုးစေခိုင်းခြင်းများကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးစေခြင်း၊   ထုတ်လုပ်စေခြင်း၊ သုံးစွဲစေခြင်းများ  ရှိလာကြလေသည်။ ထို့ကြောင့် လူကုန်ကူးမခံရအောင် တရားမဝင်သွားရောက်ခြင်း၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်ခြင်းများ မရှိရအောင် ကာယကံရှင်များကိုယ်တိုင်နှင့် အစိုးရ အဖွဲ့အစည်းအသီးသီးတို့ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပေသည်။ အထက်ပါအကြောင်းများနှင့် မူးယစ်ဆေးဝါးကိစ္စများမှာ အပြန်အလှန်အားဖြင့် ချိတ်ဆက်ဖြစ်ပေါ်မှုများ ရှိကြသည်။

 

ပျမ်းမျှအသက်  ၁၅  မှ  ၂၅  နှစ်အတွင်းရှိသူ လူငယ်များသည် စူးစမ်းတတ်ခြင်း၊ ခေါင်းမာခြင်း၊   စိတ်အလိုလိုက်ခြင်း၊ အပေါင်းအသင်းအပေါ်  ခင်မင်တွယ်တာမက်မောခြင်းတို့ကြောင့်  လမ်းမှားရောက်နိုင်ကြပေသည်။  လမ်းမှားဟုဆိုရာ၌ မူးယစ်ဆေးဝါးနှင့်  ဆက်နွှယ်ပတ်သက်သည့် လမ်းမှား မရောက်မိစေရန် မိသားစုအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်တို့မှ အမြဲတစေ စောင့်ကြပ်ကြည့်ရှုနိုင်ခြင်း မရှိလျှင်ပင် ဂရုတစိုက်စောင့်ကြပ်၍ ထိန်းသိမ်းပေးကြရပါမည်။

 

ကျောင်းသားလူငယ်များအား အသိပညာပေးဖို့လိုအပ်


မြန်မာနိုင်ငံတွင် ကျောင်းသားလူငယ် အင်အားမှာ လက်ရှိ ၉ ဒသမ ၇ သန်းခန့်ရှိသဖြင့် လူငယ်အများစုသည်    ကျောင်းသားများဖြစ်ကြပေရာမူးယစ်ဆေးဝါးနှင့်  ပတ်သက်၍  ကျောင်းသားများအချင်းချင်း၊  ကျောင်းသားနှင့် မိဘ၊ ကျောင်းသားနှင့်ဆရာ ဆရာမစသည်ဖြင့် အပြန်အလှန် ဂရုပြုထိန်းကျောင်းပြီး စုပေါင်းကာကွယ် ကြရမည်ဖြစ်သည်။  နိုင်ငံတော်၏ခေါင်းဆောင် ကောင်းများဖြစ်လာမည့်  ကျောင်းသားလူငယ်များ၏ ကာယဉာဏစွမ်းအားများ မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် ပျက်စီးဆုံးရှုံးလာပါက နိုင်ငံအတွက် သာမက ကမ္ဘာအတွက်ပါ နစ်နာစေပါမည်။ ထို့ကြောင့် ကျောင်းသားလူငယ်များ၏ အနေအထိုင်၊  အသွားအလာ၊  အပြုအမူထူးခြားမှုများ ရှိလာမှုတွင်  ၎င်းတို့အနေဖြင့်  မူးယစ်ဆေးဝါးနှင့် ပတ်သက်မှု ရှိ/မရှိကို မိဘ ဆရာများက ပူးပေါင်း၍ နှစ်သိမ့်ဆွေးနွေးမေးမြန်းကာ ၎င်းတို့၏ လိုအပ်ချက်၊ စိတ်ခံစားချက်တို့ကိုမေးမြန်းဆွေးနွေး၍ မူးယစ်ဆေးဝါးနှင့်  ပတ်သက်ဆက်နွှယ်မှုမရှိစေရအောင်  အကူအညီများ ပေးကြရမည်ဖြစ် ပါသည်။  လိုအပ်ပါက  သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းတိုင်ပင်၍ အကူအညီများ ပေးကြရမည် ဖြစ်ပါသည်။  ၎င်းတို့၏  စိတ်ခံစားချက်၊ လိုအပ်ချက်တို့ကို  မေးမြန်းဆွေးနွေးသည်ဆိုရာ၌  ကြောက်ရွံ့ထိတ်လန့်အောင်၊ အမှန်ကို မပြောရဲအောင် စသည့်နည်းလမ်းများမသုံးဘဲ ပွင့်လင်းမြင်သာစွာဖြင့်နှစ်သိမ့်ဆွေးနွေးခြင်းများ ဦးစွာပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ သို့ရာတွင် ကာယကံရှင်မိဘ၊ ဆရာများအနေဖြင့် မိမိကိုယ်၌က မူးယစ်ဆေးဝါးကင်းရှင်းဖို့ လိုအပ်ပေလိမ့်မည်။ ကျောင်းပရိဝုဏ်အတွင်းရှိ မမြင်ကွယ်ရာ(သို့) စိတ်ကွယ်ရာနေရာများကို ကျောင်းတာဝန် ရှိသူများက မပြတ်စောင့်ကြည့်ခြင်း၊ ထိုနေရာများ၌ မူးယစ်ဆေးဝါးသုံးစွဲရာတွင် ဆက်စပ်အသုံးပြုရ သောပစ္စည်းများ ရှိ/မရှိ ရှာဖွေကြည့်ရှုခြင်း၊ ကျောင်းဝင်းနှင့် ကျောင်းအနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်၊ စားသောက်ဆိုင်များတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြုလုပ်နေခြင်း ရှိ/မရှိ၊ ကျောင်းသားလူငယ်များကို မူးယစ်ဆေးဝါးများ၊ ဘီယာ၊ အရက်၊ ဆေးလိပ်ရောင်းချပေးခြင်း၊ ဝယ်ယူသုံးစွဲခြင်းများ ရှိ/မရှိ စောင့်ကြပ်ကြည့်ရှု  လေ့လာအကဲဖြတ်ခြင်းများ ပြုလုပ်ပေးကြရမည်လည်းဖြစ်ပါသည်။  တချို့သော မူးယစ်ဆေးဝါးရောင်းဝယ် ဖြန့်ဖြူးသူများက ကျောင်းသား   လူငယ်များကို ကျောင်းချိန်အတွင်း အလွယ်တကူ ရှာဖွေဖမ်းဆီးမှုပြုမှာမဟုတ်ဘူး၊ ပြု၍ရမည်မဟုတ်ဘူးဟု အထင်ထားကာ ရောင်းချခိုင်းမှုများလည်း ရှိနိုင်ပေသည်။ မူးယစ်ဆေးဝါးကို စွဲလမ်းစွာသုံးစွဲမိနေသော ကျောင်းသားလူငယ်များရှိပါက ၎င်းတို့အား ဆေးဖြတ်ကုသပေးခြင်းတို့ရှိကြောင်း ပြောပြအသိပေးပြီး သက်ဆိုင်ရာဆေးကုသရေး ဂေဟာများသို့ ပို့ဆောင်ပေးကြရမည်လည်း  ဖြစ်သည်။  မူးယစ်ဆေးဝါးသုံးစွဲသူကို  ထောင်ဒဏ်ချမှတ်ခြင်းမပြု တော့ကြောင်း၊ ဥပဒေပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ပြောပြအသိပေးရမည် ဖြစ်ပါသည်။

 

မူးယစ်ဆေးဝါး တစ်မျိုးဖြစ်သော အင်မ်ဖီတမင်းကို  တလွဲသုံးလျှင် နိုးကြားခြင်းများ ဖြစ်ပေါ်စေခြင်း၊ ညအိပ်မပျော်ခြင်း၊  ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အဆက်မပြတ် စကားပြောခြင်း၊ စံလွဲအပြုအမူများ၊ အတွေးအခေါ် ရှုပ်ထွေးခြင်း၊  အမူအရာရှုပ်ထွေးခြင်း၊  ယုံမှားလွန်ခြင်း   စသည့်ဖြစ်စဉ်များ ဖြစ်ပေါ်စေပါသည်။

 

နိုးကြားခြင်းကို အသုံးပြု၍အလုပ်  (ကိုယ်ကာယ) များများ  အဆမတန်လုပ်စေကာ  ကိုယ်ခန္ဓာအလေးချိန် ကျဆင်းလာမည်ဖြစ်ပါသည်။ တချို့သောအလုပ်ရှင်များက စိတ်ကြွဆေးများကို အလုပ်သမားများအား သုံးစွဲစေလျက် (သို့) စွဲလမ်းစေလျက်  ၎င်းတို့၏ အလုပ်များကို  ကိုယ်ခန္ဓာအင်အားနှင့်  မမျှအောင်အလုပ်လုပ်စေခြင်းများ ပြုကြလေသည်။ နိုးကြားစိတ်ဖြင့်အလုပ်လုပ်ရင်း ခန္ဓာကိုယ်အင်အားနှင့် မမျှမတဖြစ်ကာ ကိုယ်ရောစိတ်ပါ ပျက်ယွင်းခြင်းသို့  ရောက်ရှိလာစေပါသည်။ ထို့ကြောင့် အလုပ်သမားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကို ဂရုပြုရှောင်ကြဉ်ကာ မူးယစ်ဆေးဝါးကင်းစင်သော  မိမိတို့၏  ကာယ၊ ဉာဏစွမ်းပကားကို  နိုင်ငံတော်၏  စက်မှုလက်မှုလုပ်ငန်းများ၊  လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် အကျိုးရှိစွာအသုံးချ၍  မိမိအတွက်ရော  နိုင်ငံတော်အတွက်ပါ  အကျိုးပြုကြရမည်  ဖြစ်ပါသည်။

 

လူတိုင်းကိုယ်စီတာဝန်ရှိ


မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများတွင် ပမာဏအနည်းမျှသာ  ဖမ်းဆီးရမိမှုများ  ပိုမိုများပြားကြောင်း၊  အလုံးအရင်းဖြင့် ဖမ်းဆီးရမိမှုများနည်းကြောင်း၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုများများကြောင်း စသည်ဖြင့် ဝေဖန်သုံးသပ်မှုများ ရှိကြသည်။ ဤသို့ဆိုလျှင် အလုံးအရင်းဖြင့် ပိုင်ရှင်ဖြင့် ဖမ်းဆီးရမိစေလိုပါက မည်သူမဆို ကိုယ်တိုင်ပါဝင်လျက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ ရှာဖွေဖော်ထုတ်၍ ကူညီဖမ်းဆီးပေးကြစေလို ပါသည်။  မူးယစ်ဆေးဝါးပြဿနာသည် ရဲတပ်ဖွဲ့၌သာ  တာဝန်ရှိသည်မဟုတ်ဘဲ  လူတိုင်းကိုယ်စီ တာဝန်ရှိနေကြပေသည်။

 

မူးယစ်ဆေးဝါးသုံးစွဲနေသည့် (စွဲလမ်းနေသည့်)  လူတစ်ဦးသည် ဆေးသုံးစွဲမှုဖြတ်ရန် သက်ဆိုင်ရာ  ဆေးဖြတ်ပေးသည့်ဌာန  (သို့) ပုဂ္ဂိုလ်များနှင့်  ဆက်သွယ်တိုင်ပင်ခြင်းမရှိဘဲ မဖြတ်ဘဲထားရင်း ၎င်းယင်းထချိန် မူးယစ်ဆေးဝါးအလွယ်တကူမရခြင်း၊ မရှိခြင်းတို့ကြောင့် ယင်းမထမီ (ထချိန်မတိုင်မီ)  ကြိုတင်ကာကွယ်သည့် အနေဖြင့် မူးယစ်ဆေးဝါးအစား အရက်ကို မူးအောင်ကြိုတင်သောက်သုံးကြခြင်းဖြင့် အရက် စွဲကာအရက်နာကျ၍  သေဆုံးသွားကြသည်ကိုလည်း လေ့လာတွေ့ရှိဖူးပါသည်။ ထို့ကြောင့်  မိမိတို့မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်း ပတ်ဝန်းကျင်တွင် မူးယစ်ဆေးစွဲနေသူများတွေ့ရပါက သက်ဆိုင်ရာဆေးဖြတ်ဌာနများသို့ ရောက်ရှိအောင် ပို့ဆောင်ကူညီပေးကြစေလိုပါသည်။ အသက်ကယ်သည့် ဇီဝိတဒါန ပြုကြစေလိုပါသည်။

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသုံးစွဲမှုကြောင့်  ဖြစ်ပေါ်လာနိုင်မည့်ဆိုးကျိုးများအား လူမှုရေးမီဒီယာများနှင့် အခြားသောသတင်းမီဒီယာများမှတစ်ဆင့် ကျောင်းအတွင်း၊  ကျောင်းပြင်ပနှင့် လုပ်ငန်းခွင်နေရာများတွင်ပါ  ကျယ်ကျယ်ပြန့်ပြန့်အသိပေးဆောင်ရွက်ရန် ကြီးကြပ်လမ်းòန်ခြင်းပြုရမည် ဟု (၁၄-၂-၂၀၁၈) မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်  ဥပဒေပုဒ်မ-(၆)ပုဒ်မခွဲ(ဃ)၏ နောက်ဆက်သွယ်(ဓ)တွင် ဖြည့်စွက်ပြဋ္ဌာန်းထားပါသည်။

 

လူမှုဘဝနယ်ပယ်တွင် လောကဓံ၏ ရိုက်ခတ်မှုများကြောင့်  စိတ်ဆင်းရဲမှုများရှိလာပါက မူးယစ်ဆေးဝါးသုံးစွဲရန် မဟုတ်ဘဲ မိမိတို့ ယုံကြည်ကိုးကွယ်ရာဘာသာတရား၏ အဆုံးအမများဖြင့်  ဥပမာ-  ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဝိပဿနာတရားအားထုတ်ရှုပွားခြင်း၊  သမထထိုင်ခြင်း၊ တရားထိုင်ခြင်းများ၊ ပုတီးစိပ်ခြင်းများဖြင့် စိတ်၏တည်ကြည်မှုကျိုးကြောင်းအမှန် ခွဲခြားတတ်လာမှု၊ ကိုယ်ခန္ဓာကျန်းမာလာမှု စသည့်ကောင်းကျိုးများ ရလာမည်ဖြစ်ကြောင်း တရားထိုင်ခြင်း၏ အကျိုးရလဒ်အဖြစ် လေ့လာဖတ်ရှုဖူးပါသည်။

 

မူးယစ်ဆေးဝါးရောင်းဝယ်  ဖြန့်ဖြူးသုံးစွဲ ထုတ်လုပ်မှုများတွင်  အသက်  ၁၆  နှစ်မပြည့်သေးသော ကလေးသူငယ်ကို အသုံးချပါက အသုံးချသူအား  ထိုသို့ပြုလုပ်မှုများပါ  ပြစ်မှုအတွက်  ကျူးလွန်သည့်ပြစ်မှု၏ အများဆုံး ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးဥပဒေပုဒ်မ-၂၂(ဃ)တွင် ပြဋ္ဌာန်းထားပါသည်။

 

မူးယစ်ဆေးဝါး (သို့) စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို  ထုတ်လုပ်ခြင်း၊  ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊  ယင်းသို့တင်သွင်းခြင်း၊  တင်ပို့ခြင်း ပြုလုပ်ရန်ဆက်သွယ်ခြင်းများ ပြုလုပ်ပါက ထိုသို့ ပြုလုပ်ခြင်းကြောင့်  ပြစ်မှုထင်ရှားစီရင်ခြင်းခံရ လျှင် ထိုသူအား ထောင်ဒဏ်အနည်းဆုံး ၁၅ နှစ် မှအများဆုံး နှစ်အကန့်အသတ်မရှိထောင်ဒဏ် အထိဖြစ်စေ၊  သေဒဏ်ဖြစ်စေ  ချမှတ်ရမည်ဟု မူး/စိတ်ပြောင်းပုဒ်မ-၂၀(က၊ ခ)တို့တွင် ပြဋ္ဌာန်းထားပါသည်။

 

တတ်စွမ်းသမျှပါဝင်ကြပါစို့


နည်းပညာဆန်းသစ်လာမှုနှင့်အတူ ခေတ်မီဖွံ့ဖြိုးတိုးလာသော လူ့ကမ္ဘာအား မူးယစ်ဆေးဝါး အန္တရာယ်က ခြိမ်းခြောက်လာလျက်ရှိပေသည်။ မူးယစ်ဆေးဝါးအန္တရာယ်သည်  မမြင်နိုင်သည့် လက်နက်ကိရိယာတစ်ခုအဖြစ် မြင်နိုင်သည့် လက်နက်ကိရိယာများကို   တိတ်တဆိတ်ကျော်လွန် လွှမ်းမိုးနိုင်စွမ်းရှိပေသည်။  မူးယစ်ဆေးဝါး သည် သေမင်း၏အားအထားရဆုံး တမန်တော် ဟုလည်း ဆိုနိုင်ပါသည်။

 

မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကာ ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ သတ်မှတ်လျက်  မူဝါဒများချမှတ်ခြင်း၊ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့များနှင့် ဒေသဆိုင်ရာအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊ လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးခြင်း ဆောင်ရွက်လျက်ရှိပါသည်။

 

ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံတော်က ဆောင်ရွက်နေသည့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းများ အဆင်ပြေအောင်၊ အောင်မြင်လာအောင် တတ်စွမ်းသမျှပါဝင်ကာ မူးယစ်ဆေးဝါးကင်းစင်သော နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်ကြပါစို့ဟု ရေးသားလိုက်ရပါသည်။    

 

ဦးဇော်ဇော် (တရားလွှတ်တော်ရှေ့နေ)