နေပြည်တော် ၃၀ ဧပြီ
မူးယစ်တပ်ဖွဲ့စု(၇) တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၉ ရက် ညနေ ၆ နာရီက တမူးမြို့နယ်၊ ခါမ်းပါတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ တမူး-ကလေးကားလမ်း၌ အိန္ဒိယနိုင်ငံသူ မနင်ဟွေ့အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂၆၂ ဒသမ ၅ ဂရမ်ကိုလည်းကောင်း။
ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီခွဲက လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ်၊ ၃ မိုင် - ကြိမ်ချောင်းကားလမ်းရှိ သီဟိုဋ်ရဲကင်းစခန်းရှေ့တွင် ခမ့်လှိုင်(ခ) မန်းလှိုင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၉၅၀ဝ ကိုလည်းကောင်း။
အလားတူ ယင်းနေ့ ည ၈ နာရီက တပ်မတော်နှင့် မူးယစ်တပ်ဖွဲ့စု(၂၃) တန့်ယန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့နယ်၊ တန့်ယန်း-မိုင်းကောင်သွားကားလမ်း၊ မိုင်တိုင်အမှတ် 3KM အနီးတွင် အိုက်မတ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ဝ ကိုလည်းကောင်း။
ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်၊ ငွေစေတီလမ်းနှင့် ဝမ်ကောင်းမြို့ ပတ်လမ်းဆုံ၌ အားဖုအား ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၅ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။
အလားတူ ယင်းနေ့ နံနက် ၈ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုး - တန့်ယန်းသွားလမ်း၊ မိုင်တိုင်အမှတ် (၅/၇)အနီး၌ စိုင်းထွန်းဆာ မောင်းနှင်လာသည့် Toyota Revo Hilux အမျိုးအစား မော်တော်ယာဉ်ကို X-Rays စက်ဖြင့် စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်၏ အင်ဂျင်ခန်း၊ နောက်တံခါးပိတ်၊ ကြမ်းခင်းနှင့် ရှေ့ခန်းဘော်ဒီကြားတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၉၆၀ဝ၊ ငွေကျပ် ၄၅၀ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN