ပုသိမ် ၈  နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ (၆/၂၀၁၉) နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ (၂/၂၀၁၉) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုဖမ်းဆီးနိုင်ရေး၊ လုံးဝပပျောက်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး အဖွဲ့အစည်းတစ်ခုချင်းစီမှ လူတစ်ဦးတစ်ယောက်ချင်းစီအထိ တာဝန်ကိုယ်စီရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ မူးယစ်ဆေးဝါး အသိပညာပေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၇၂၀)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ NGO အဖွဲ့အစည်းများကလည်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သလို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အထောက်အကူပြုအဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း၌ လူမှောင်ခိုမှု၊ ရေလုပ်သား ခေါင်းပုံဖြတ်မှုများ ကြိုတင်ကာကွယ်ရေးကို အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်ကြားလာမှသာ မြေပြင်ကွင်းဆင်းစစ်ဆေး နေရသည့်အတွက် ကြိုတင်ကာကွယ်မှုကို အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပြီး ကြိုတင်သတင်းရယူရေး အလေးထား လိုက်နာဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

တိုးဝေဇင်(တိုင်းပြန်ဆက်)