နေပြည်တော် ၈ ဇန်နဝါရီ
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ဝင်များ အကြိုညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ယနေ့မွန်းလွဲ(၂)နာရီတွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ယခုအခါ မူးယစ်ပြန်လည်ထူထောင်ရေး (၃)လသင်တန်းများကို အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စဉ်ဆက်မပြက် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိနေပြီး ဖြစ်ပါကြောင်း၊ မူးယစ်ဆေးစွဲသူ အမျိုးသမီးများ ပြန်လည်ထူထောင်ရေးအတွက် လားရှိုးပြန်လည်ထူထောင်ရေးစခန်း၌ သင်တန်းဖွင့်လှစ်နိုင်ရန် ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ရှိသူများ၏ အကူအညီတောင်းခံချက်အရမိမိတို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေး စခန်းများတွင် ယခုထက် သင်တန်းအကြိမ်ရေ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။
မူးယစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တရားဝင် မှတ်ပုံတင်အဖွဲ့အစည်းများ ဖြစ်ပေါ်လုပ်ကိုင်စေရေး၊ ဥပဒေ/နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးနှင့် လည်းကောင်း အဖွဲ့အစည်းများအား မိမိတို့ ဝန်ကြီးဌာနမှ ဥပဒေနှင့်အညီပံ့ပိုးကူညီနိုင်ရေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်ရန် ဝိုင်းဝန်းအကြံပြုပူးပေါင်း ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ နည်းပညာနှင့် သက်မွေးပညာဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။
သတင်းစဉ်