နေပြည်တော်၊ မေ ၅

 

 မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ (ပထမ)အကြိမ် အစည်းအဝေးကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၈)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်၍ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဝင်များ၊ ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် ဓာတုပစ္စည်းကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ နေပြည်တော်ကောင် စီနယ်မြေ မူးယစ်တားဆီးကာကွယ်ရေး အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ က Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ် ရာတွင် အသုံးပြုနိုင်သည့် ဓာတုပစ္စည်းများကို ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ ဇယား ၁ နှင့် ၂ ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ သတ်မှတ်သည့် ဇယား ၃ ဖြင့်လည်းကောင်း၊ စုစုပေါင်း (၃၉)မျိုးကို ထိန်းချုပ်ဓာတုပစ္စည်းများအဖြစ် သတ်မှတ်ထားပါ ကြောင်း၊ ထိန်းချုပ်ဓာတု ပစ္စည်းများ တရားမဝင် သိုလှောင်၊ သယ်ဆောင်၊ ရောင်းဝယ်မှု များကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း၊ အလားတူ ထိန်းချုပ် ဓာတုစာရင်းတွင် မပါဝင်သည့် အခြားဓာတုပစ္စည်းများကို တရားဝင်ခွင့်ပြုချက် တစ်စုံတစ်ရာမပါရှိဘဲ သိုလှောင်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ ပြုလုပ်ပါက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေဖြင့်လည်းကောင်း ကြပ်မတ် အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း ။     

           

 

အခြားဓာတုပစ္စည်းများတွင်လည်း မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါး ချက်လုပ်ရာ၌ အသုံးပြုနိုင်သည့် ဓာတုပစ္စည်း ရာခိုင်နှုန်းများစွာ ရောစပ်ပါဝင်သော ဓာတုပစ္စည်းများကို အဓိကထား သိုလှောင်၊ သယ်ဆောင်ကြောင်း တွေ့ရှိရသဖြင့် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ကျယ်ပြန့်စွာ ဆောင်ရွက်ကြရန် လိုလာ သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုနှင့် အလွဲသုံးမှုကိစ္စရပ်များကို ပိုမိုထိန်းချုပ်နိုင်ရေးအတွက် စိစစ်ကြပ်မတ်ရာတွင် ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးလာကြောင်း၊ ဓာတုပစ္စည်းဖြစ်စဉ်များသည် ပြည်သူ့ဘဝလုံခြုံရေးနှင့် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သူများထံသို့ မရောက်ရှိစေရေးအတွက် စိစစ်ကြပ်မတ်ရာတွင် တားဆီးနှိမ် နင်းရေး လုပ်ငန်းနှင့် အသိပညာ ပေးရေးလုပ်ငန်းတို့ကို ဟန်ချက်ညီညီ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထိန်းချုပ် ဓာတုပစ္စည်းများ၊ အခြားဓာတုပစ္စည်းများကို အလွဲသုံးမှုနှင့် လမ်းလွဲရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် အစိုးရ−ပုဂ္ဂလိက လက်တွဲဆောင်ရွက်မှု (Public-Private Partnership) “PPP” စနစ်ကို တည်ဆဲဥပဒေ များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ကုမ္ပဏီ/ လုပ်ငန်း ရှင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပေါင်းစပ်ပြီး ထိန်းချုပ်ဓာတု ပစ္စည်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ဓာတုပစ္စည်း ထိန်းချုပ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ဆောင်ရွက်ရန် လမ်းညွှန်ထားသည့် အချက် (၂၀)ကို သက်ဆိုင်ရာဌာနများအလိုက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ ဆက်လက်ဆောင်ရွက်ရန် လမ်းညွှန် ချမှတ်ခဲ့သည့် ဓာတုပစ္စည်းထိန်းချုပ်ရေးနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် အချက်(၂၀)ကို အသေးစိတ် ချပြရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် တက်ရောက်လာကြသည့် မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဝင်များ၊ ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် ဓာတုပစ္စည်းကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များမှ ဓာတုပစ္စည်း ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် များကို ဆွေးနွေးတင်ပြကြခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)