ဒေါက်တာလပြည့်ခင်

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် စိတ်ကြွဆေးများ ဖမ်းဆီးရမှုအခြေအနေ နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ စိတ်ကြွဆေးများ အများအပြားဖမ်းဆီးရမှုသတင်းများကို နိုင်ငံပိုင်သတင်းစာများ၌ နေ့စဉ်နှင့်အမျှ ဖတ်ရှုမြင်တွေ့နေရပါသည်။ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအရ နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါးအမှုပေါင်း ၅၅၉၃ မှု၊ တရားခံ ၇၈၂၈ ဦးနှင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၉၉၈ ဒသမ ၆၀၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာသန်း ၂၉၉ ဒသမ ၈၈၁) တန်ဖိုးခန့် ဖမ်းဆီးရမိပါသည်။

ရှမ်းပြည်နယ်ရှိ ခရိုင်လေးခုမှအဓိကပါဝင်နေပြီး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမှုမှာ အများဆုံးဖြစ်ပါသည်။ ရှမ်းပြည်နယ်ဘက်မှထုတ်လုပ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများနှင့် စိတ်ကြွဆေးများကို ရခိုင်ပြည်နယ်သို့ ကုန်းလမ်းမှ သယ်ယူပို့ဆောင်ပြီး ပြည်ပသို့ရေလမ်းခရီးဖြင့်ပို့ဆောင်၍ ဖြန့်ဖြူးရောင်းချနေမှုများကို ဖမ်းဆီးရမိမှုဖြစ်စဉ်များလည်း ပါဝင်ပါသည်။

လူမသိသည့် သာမန်မီးဖိုချောင်တစ်ခုမှအစပြု၍ ဓာတုဆေးဝါးပစ္စည်းမျိုးစုံနှင့် ရောစပ်ပြီး ဆေးပြားရိုက်စက်ကို အသုံးပြုကာ စိတ်ကြွဆေးများ အလွယ်တကူထုတ်လုပ်‌ဖြန့်ဖြူး ရောင်းချနေကြောင်းများလည်း ကြားသိနေရသောကြောင့် နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်စေပြီးသုံးစွဲသူနှင့် မိသားစုအသိုင်းအဝိုင်းကိုပါ ဘဝပျက်လောက်အောင် ဆိုးရွားစေသည့် မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် ယင်းတို့ကိုပြုလုပ်နိုင်သည့် ပရီကာဆာဟုခေါ်သည့် အစပျိုးဓာတုပစ္စည်းများ (Precursors) ၏ အန္တရာယ်များကို အများပြည်သူ သိရှိရှောင်ရှားနိုင်စေရန်အတွက် ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် (၃၈)နှစ်မြောက် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားနေ့ကို ဂုဏ်ပြုကြိုဆိုလျက် ဤဆောင်းပါးကို အကျယ်တဝင့်ရေးသားဖော်ပြရခြင်း ဖြစ်ပါသည်။

မူးယစ်ဆေးဝါးပြဿနာချုပ်ငြိမ်းရေးနှင့် ထိန်းချုပ်နိုင်ရေးဆိုင်ရာ အမျိုးသားရေးတာဝန်

ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို မလွဲမသွေထမ်းဆောင်ကြရသော အစိုးရတို့အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေရသကဲ့သို့ အခြားတစ်ဖက်မှလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အနှောင့်အယှက်အဟန့်အတားဖြစ်စေသည့် ပြည်သူလူထုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးပြဿနာချုပ်ငြိမ်းရေးနှင့် ထိန်းချုပ်နိုင်ရေးတို့အတွက်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ကျဆင်းလာခဲ့သော်လည်း ဓာတုပစ္စည်းများနှင့် ထုတ်လုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးများ၊ မက်အဖက်တမင်း(Ices)၊ ကတ်တမင်း (Ketamin)နှင့် စိတ်ပျော်ဆေးရည် (Happy Water) ကဲ့သို့ လူလုပ်မူးယစ်ဆေးဝါးများ (Synthetic Drugs) ပြဿနာများမှာ ပိုမိုကြီးထွားလာနေပါသည်။

မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ စာချုပ်များနှင့် ဥပဒေပြဋ္ဌာန်းချက်များ

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို နည်းမျိုးစုံဖြင့် အစိုးရအဆက်ဆက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၁၉၆၁ ခုနှစ် တစ်ခုတည်းသော မူးယစ်ဆေးဝါးများ ကွန်ဗင်းရှင်း (Single convention on Narcotic Drugs)၊ ၁၉၇၁ ခုနှစ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာကွန်ဗင်းရှင်း (Convention on Psychotropic Substances) နှင့် ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention Against Illicit Traffic in Narcotic Drugs and Psychotropic Substances) တို့ကို လက်မှတ်‌ရေးထိုးခြင်း၊ ၁၉၇၆ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းခြင်း၊ ၁၉၉၃ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကိုပြဋ္ဌာန်းခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေများကိုပြဋ္ဌာန်းခြင်း၊ ၁၉၉၈ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများချက်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းခြင်း၊ ၁၉၉၉ ခုနှစ်တွင် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ဆောင်ရွက်ခြင်း၊ ၂၀၀၄ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေပြဋ္ဌာန်းခြင်း စသည်ဖြင့် လိုအပ်သောဥပဒေ၊ နည်းဥပဒေများရေးဆွဲပြဋ္ဌာန်း ထုတ်ပြန်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

လုပ်ငန်းစီမံချက်များရေးဆွဲအကောင်အထည်ဖော်မှုများ

အဆိုပါ ဆောင်ရွက်ချက်များအပေါ် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အခါအားလျော်စွာ ဖြည့်စွက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကိုလည်း အချိန်နှင့်တစ်ပြေးညီ နှစ်စဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာဖြေရှင်းနိုင်ရေးအတွက် ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒတစ်ရပ်ကို ရေးဆွဲထုတ်ပြန်ပြီး မူဝါဒအား အထောက် အကူပြုစေမည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို လမ်းညွှန်မှုမူဘောင်တစ်ခုအနေဖြင့် သတ်မှတ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက် (Action Plan)များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါသည်။ မူးယစ်ဆေးဝါးထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ဦးဆောင်မှုကဏ္ဍသည် အမှန်တကယ်အရေးပါသည့် လုပ်ငန်းလိုအပ်ချက်ဖြစ်ပြီး ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ဦးဆောင်၍ ပြည်သူလူထုအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အရှိန်အဟုန်ဖြင့် ဟန်ချက်ညီညီ ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ ရင်ဆိုင်တွေ့ကြုံနေရသည့် မူးယစ်ဆေးဝါးပြဿနာမှာ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဆုတ်ယုတ်ပျက်စီးစေသည်သာမက နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ များစွာထိခိုက်စေပါသည်။ ထို့ကြောင့် တစ်ကမ္ဘာလုံးတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ၁၉၈၇ ခုနှစ်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့”အဖြစ် သတ်မှတ်ခဲ့သည့်အချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများ နှစ်စဉ်ကျင်းပလာရာ ယခုဆိုလျှင် (၃၈) ကြိမ်မြောက်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။

အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ

မြန်မာနိုင်ငံသည် ဓာတုပစ္စည်းအများဆုံးထွက်ရှိသော အိမ်နီးချင်းစက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးများအကြား တည်ရှိနေသည့်အတွက် တရားမဝင်ဓာတုပစ္စည်းများ တားမြစ်ထိန်းချုပ်ရေးမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါသည်။ အိမ်နီးချင်းနိုင်ငံများ၊ BIMSTEC နိုင်ငံများ၊ ASEAN ဒေသတွင်းနိုင်ငံများနှင့် ရန်ကုန်မြို့အခြေစိုက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် UNODC၊ ဩစတြေးလျနိုင်ငံ AFP ၊ အမေရိကန်နိုင်ငံ DEA ၊ တရုတ်နိုင်ငံ NNCC ၊ ထိုင်းနိုင်ငံ ONCB တို့နှင့်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး သတင်းများဖလှယ်၍ ဓာတုပစ္စည်းများ လမ်းလွဲမရောက်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း မဲခေါင် (MoU) ခြောက်နိုင်ငံပါဝင်သော Operation 1511 ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံပူးပေါင်း၍ ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ Operation 1511/22 ကို လည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွင်း Operation 39 အထူးစစ်ဆင်ရေးကို လည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် Operation 39/24 အထူးစစ်ဆင်ရေးကိုလည်းကောင်းဆောင်ရွက်ခဲ့မှု ကြောင့် ရွှေတြိဂံဒေသရှိ ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်မှုထိန်းချုပ်‌ရေးနှင့် မူးယစ်ဆေးဝါးများ ပြင်ပသို့ ပျံ့နှံ့မှုမရှိစေရေး ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အကြိမ်ပေါင်း ၄၀ ကျော် ဆောင်ရွက်နိုင်ခဲ့ပါသည်။

နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် ခရီးအသွားအလာများသည့် လမ်းကြောင်းများတွင် ခေတ်မီရှာဖွေရေးကိရိယာများ (X-ray စက်တပ်ယာဉ်များ) တပ်ဆင်အသုံးပြု၍ တိကျစွာ စစ်ဆေးဆောင်ရွက်မှုများကြောင့် မူးယစ်ဆေးဝါးသယ်ဆောင်သူများသည်‌ ရှောင်ကွင်းလမ်းများကို အသုံးပြုခြင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းများ ပြောင်းလဲလာခြင်း၊ သိုဝှက်သယ်ဆောင်ပုံနည်းစနစ်များ ပြောင်းလဲလာခြင်းနှင့် ပင်လယ်ရေကြောင်းအသုံးပြု၍ သယ်ဆောင်ရောင်းဝယ်ခြင်းများ ပိုမိုအသုံးပြုလာကြောင်း တွေ့ရှိလာရပါသည်။

နှစ်မျိုးသုံးဓာတုပစ္စည်းများ

ယနေ့ကမ္ဘာပေါ်တွင် ဓာတုပစ္စည်းအများစုသည် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းကောင်း၊ ကုန်ထုတ်လုပ်ငန်းများနှင့် သယံဇာတတူးဖော်ရေးလုပ်ငန်းများတွင်လည်းကောင်း မရှိမဖြစ် ထည့်သွင်းအသုံးပြုနေကြသည်။ အဆိုပါဓာတုပစ္စည်းများသည် နှစ်မျိုးသုံးဓာတုပစ္စည်း (Dual-use Chemical) အနေဖြင့် မူးယစ်‌ဆေးဝါးထုတ်လုပ်သည့်နေရာများသို့ တရားမဝင်ရောက်ရှိသွားပြီး လူလုပ်မူးယစ်ဆေးဝါးမျိုးစုံကို အသွင်ပြောင်းဓာတုပစ္စည်းများ (Designer Precursors) အသုံးပြု၍ ထုတ်လုပ်လာသည့်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ပေါ်လျက်ရှိသည်။

ထိုကဲ့သို့ ကမ္ဘာ့နိုင်ငံအများစုတွင် လူလုပ်မူးယစ်ဆေးဝါးများ ထုတ်လုပ်၊ သယ်ဆောင်၊ ဖြန့်ဖြူးရောင်းချမှု (ရောင်းဝယ်မှု)များသည် ပိုမိုကြီးထွားကျယ်ပြန့်လာခဲ့ပြီး သုံးစွဲသူဦးရေမှာလည်း များပြားလာခဲ့သည်ကို ကြားသိ၊ တွေ့မြင်နေရပါသည်။ လူလုပ်မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဓိကရင်းမြစ်သည် ပရီကာဆာဓာတုပစ္စည်းများဖြစ်သည်။ ထိုပရီကာဆာများသည် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာနေရာများသို့ ဝင်ရောက်လျက်ရှိပါသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် မဖြစ်မနေလိုအပ်သည့် ပရီကာဆာထိန်းချုပ်ရေးကို အထူးအရေးကြီး ကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်နေရခြင်းဖြစ်သည်။

ထိန်းချုပ်ဓာတုပစ္စည်းများ (သို့) ပရီကာဆာဓာတုပစ္စည်းများ

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သဖြင့် ကန့်သတ်တားဆီးထားသောဓာတုပစ္စည်းများကို ထိန်းချုပ်ဓာတုပစ္စည်းများ သို့မဟုတ် ပရီကာဆာ ဓာတုပစ္စည်းများဟု ခေါ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအစီအစဉ်(UNDCP)နှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့တို့မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုဗေဒပစ္စည်းများကို ပရီကာဆာများဟု စတင်သုံးစွဲလာခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ဓာတုပစ္စည်းပရီကာဆာများတွင် အစပြုသည့် အခြေခံပစ္စည်း (Starting Material)၊ ပျော်ဝင်ပစ္စည်း (Solvent) နှင့် ဓာတ်ပြုပစ္စည်း(Reagent)ဟူ၍ သုံးမျိုးပါဝင်ပါသည်။

မူးယစ်ဆေးဝါးရရှိအောင် ပြုလုပ်နိုင်မှု

မူးယစ်ဆေးဝါးကို အမျိုးအစားသုံးခုဖြင့် ပြုလုပ်နိုင်ပြီး ပထမတစ်မျိုးမှာ သဘာဝအတိုင်းရရှိသော ဘိန်းပင်မှဘိန်း၊ ဆေးခြောက်ပင်မှ ဆေးခြောက်နှင့် ကိုကားပင်မှ ကိုကားရွက်တို့ကို မူးယစ်ဆေးအဖြစ် အသုံးပြုခြင်းဖြစ်သည်။ ဒုတိယတစ်မျိုးမှာ တစ်ပိုင်းတစ်စ ပြုပြင်ဖန်တီးထားသော ဆေးဝါးများ ဥပမာအားဖြင့် ဘိန်းကိုဓာတ်ပြုပျော်ဝင်စေသည့် ဓာတုဗေဒပစ္စည်းများဖြစ်သည့် အက်စီတစ်အင်ဟိုက်ဒရိုဒ်(Acetic Anhydride)နှင့် အီသာ (Ether)တို့ဖြင့် ထုတ်လုပ်ရရှိသော ဟီးရိုးအင်း (Heroin)ဖြစ်သည်။

နောက်ဆုံးတစ်မျိုးမှာ ပြုပြင်ဖန်တီးထားသော ဆေးဝါးများ (Synthetic Drugs) ဖြစ်သည်။ ဥပမာအားဖြင့် မက်သာဖက်တမင်း (Methaphetamin) နှင့် အက်တက်စီ (Ecstacy) MDMA တို့ကို အစပြု ကုန်ကြမ်းပစ္စည်းဖြစ်သည့် အက်ဖီဒရင်း (Ephedrine) သို့မဟုတ် ပီတူးပီ(P2P)ကို ဓာတ်ပြုပစ္စည်းနှင့် ပျော်ဝင်ဓာတုပစ္စည်းများဖြစ်သည့် သိုင်အိုနိုင်းလ်ကလိုရိုဒ် (Thionyl Chloride)၊ အီသာ(Ether)၊ ဖော်စဖရပ်စ်ပင်တာကလိုရိုဒ် (Phosphorous Pentachloride)၊ ဟိုက်ဒြိုကလိုရစ်အက်စစ် (Hydrochloric Acid) တို့ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် မူးယစ်ဆေးဝါးဆိုသည်မှာ ကျန်းမာရေးဝန်ကြီးဌာနက ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်နှင့် မူးယစ်ဆေးဖြစ်သည်ဟု အမိန့်ကြော်ငြာစာထုတ်ပြန်ထားသည့် အပင်တစ်မျိုးမျိုး၊ ယင်းအပင် တစ်မျိုးမျိုးမှထွက်ရှိသော သို့မဟုတ် ထုတ်လုပ်သောအရာဝတ္ထုများ၊ ဆေးဝါးများကိုလည်း မူးယစ်ဆေးဝါးဟု သတ်မှတ်ထားပါသည်။ မူးယစ်ဆေးဝါးသည် စိတ်ပူပင်သောကကို လျှော့ချနိုင်ပြီး လေးနက်သောစူးစမ်းမှုနှင့် ကိုယ်ရေးကိုယ်တာ ရောင်ပြန်ဟပ်မှုတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြကြပါသည်။

ပရီကာဆာများ

ပရီကာဆာကိုလည်း နှစ်မျိုးခွဲခြားနိုင်ပါသည်။ ပထမအမျိုးအစားမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အစပြုကုန်ကြမ်းပစ္စည်း (Starting Materials) အဖြစ်သုံးသည့် အက်ဖီဒရင်း (Ephedrine)၊ ပီတူးပီ (P2P)နှင့် ဆာဖရိုးလ်(Safrole)တို့ဖြစ်သည်။ ဒုတိယအမျိုးအစားမှာ ဓာတ်ပြုပစ္စည်းနှင့် ပျော်ဝင်ပစ္စည်း အဖြစ်သုံးသည့် အက်စီတစ်အင်ဟိုက်ဒရိုဒ် (Acetic Anhydride)၊ အီသာ(Ether)နှင့် သိုင်အိုနိုင်းလ်ကလိုရိုဒ် (Thionyl Chloride)တို့ဖြစ်ပြီး ၎င်းတို့သည် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အနည်းငယ်သာ ပါဝင်တတ်သည်။ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် ဟီးရိုးအင်း (Heroine) ထုတ်လုပ်ရာတွင် အသုံးပြု သော ပရီကာဆာများမှာ Acetic Acid ၊ Acetic Anhydride၊ Acetone ၊ Acetyl Chloride ၊ Chloroform ၊ Ethyl Ether ၊ Ethylidene Diacetate ၊ Hydrochloric Acid ၊ Methyl Ethyl Ketone ၊ Phosphrous Pentachloride၊ Phosphrous Trich-loride၊ Sulphuric Acid နှင့် Thionyl Chloride တို့ ဖြစ်သည်။

စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ

စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ (Psychotropic Substances)ဆိုသည်မှာ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ စိတ်ကိုပြောင်းလဲစေသည်ဟု ကြေညာထားသည့် ဆေးဝါးများဖြစ်သည်။ ဘိန်းပင်၊ ကိုကင်းပင်၊ ဆေးခြောက်ပင်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ မူးယစ်ဆေးဝါးဖြစ်သည်ဟု ကြေညာထားသည့် အပင်တစ်မျိုးမျိုးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအဖြစ်သို့ ရောက်ရှိရန်ထုတ်လုပ်ခြင်း၊ ယင်းသို့ထုတ်လုပ်သော အရာဝတ္ထုကို ဓာတုပစ္စည်း သို့မဟုတ် အခြားပစ္စည်းတစ်မျိုးမျိုးနှင့်ရောစပ်၍ ပြုပြင်ထုတ်လုပ်ခြင်း၊ ဖော်စပ်ခြင်း၊ ပြင်ဆင်ပြုလုပ်ခြင်းတို့ကို စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ခြင်းဟုဆိုပါသည်။ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးထုတ်လုပ်ပုံများကို ဆက်လက်တင်ပြသွားပါမည်။ ။