မူးယစ်ဆေးဝါးနှင့် လူမှုရေးပြစ်ဒဏ်

၁ သြဂုတ်

 

မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံး ပျက်စီးအောင် ခြိမ်းခြောက်လျက်ရှိသည်။ မူးယစ်ဆေးဝါး အမျိုးမျိုးတို့ကိုမသမာသူ ဝိသမလောဘသားများက  နိုင်ငံရေးအရဖြစ်စေ၊  စီးပွားရေးအရဖြစ်စေ  တစ်စထက်တစ်စ  အဆင့်မြှင့်တင် ထုတ်လုပ်ဖြန့်ဖြူးကာ အကျိုးအမြတ်ရှာကြသဖြင့် လူငယ်လူရွယ်အမြောက်အမြား မူးယစ်ဆေးဝါး နွံအတွင်းသက်ဆင်း၍ ဘဝပျက်စီးခြင်းများ ဖြစ်နေရသည်။

 

ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းတိုက်ဖျက်လျက်ရှိသော်လည်း လျော့နည်း ကျဆင်းသွားခြင်းမရှိဘဲ တိုးတက်ဖြစ်ပေါ်နေသည်။  ၁၉၉၃  ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပိုမိုထိရောက်စေရန်အတွက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်ပြင်ဆင်ခဲ့သည်။  ပြင်ဆင်ခဲ့သောဥပဒေအရ  ယခင်မူလဥပဒေပုဒ်မ  ၁၅  တွင်  ပြဋ္ဌာန်းထားသည့် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်ပြီး  ပြစ်မှုအဖြစ်သတ်မှတ်ထားခြင်းကို  ပယ်ဖျက်၍      မူးယစ်ဆေးဝါးသုံးစွဲသူအား ကျန်းမာရေးနှင့် လူမှုရေးပြဿနာတစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ပြီး လူမှုရေးပြစ်ဒဏ်အဖြစ်သာ ချမှတ်နိုင်ရန် ဖြည့်စွက်ပြဋ္ဌာန်းခဲ့သည်။

 

ထိုသို့ပြဋ္ဌာန်းခဲ့သော်လည်း ၁၉၉၅ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေများအား ပြင်ဆင်ရေးဆွဲနိုင်ရန် အကောင်အထည်ဖော်ဆဲဖြစ်ရာ အဆိုပါ ပြင်ဆင်သည့်နည်းဥပဒေကို  အတည်ပြုပြဋ္ဌာန်းပြီးမှသာ  ဥပဒေနှင့်အညီ  အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါး၏သားကောင်ဖြစ်သွားသူများအား ပြန်လည်တည့်မတ် ကယ်တင်နိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

 

ယခုအခါ ငယ်ရွယ်သူ ကျောင်းသားလူငယ်များပင် မူးယစ်ဆေးဝါး၏ သားကောင်များဖြစ်လာကြသည်ကို စိတ်မကောင်းဖွယ် ကြားသိနေရသည်။ မူးယစ်ဆေးဝါးများကို  ကျောင်းသားလူငယ်များ  လက်လှမ်းတမီရရှိနေ သည့် သတင်းများကို ကြားသိနေရသည်မှာ ရင်နာစရာကောင်းလှသည်။ နိုင်ငံ၏အနာဂတ်၊  နိုင်ငံ၏မျှော်လင့်ချက်ဖြစ်သည့်  ယနေ့လူငယ်များ မူးယစ်ဆေးဝါးကို အလွယ်တကူရရှိပြီး မူးယစ်သားကောင် ဖြစ်ကြရခြင်းသည် တိုင်းပြည်၏အနာဂတ်ကို  ကျဆုံးမှုနွံအတွင်းသို့ တွန်းပို့နေသလိုခံစားရသည်။

 

မူးယစ်ဆေးဝါးများ ပျံ့နှံ့နေခြင်းကို တွက်စစ်ကြည့်လျှင် နယ်မြေဒေသ မငြိမ်းချမ်းမှုကြောင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက်  ဝေးလံခေါင်ဖျားသည့် ဖွံ့ဖြိုးမှုနည်းပါးသောဒေသများတွင် ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးဝါးထုတ်လုပ်မှုများ ရှိနေခြင်းဖြစ်သည်။ ယင်းကို ထိရောက်စွာကိုင်တွယ်နှိမ်နင်းနိုင်ခြင်း လစ်ဟင်းမှုများကြောင့်ဖြစ်ရသည်။  အကျိုးဆက်အနေဖြင့်  ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများ မြင့်မားနေသည်ကို ကြုံတွေ့နေရသည်။ လူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာခြင်းဖြင့် စာရိတ္တယိမ်းယိုင်ပြီး ရာဇဝတ်မှုများ ထူပြောလာသည့် ဆိုးကျိုးများ နောက်ဆက်တွဲဖြစ်ပေါ်လာသည်။

 

မူးယစ်ဆေးဝါးဟူသည်  တစ်ခါသုံးမိသည်နှင့်  စွဲလမ်းစေသော သဘောရှိပြီး  လူမှုပတ်ဝန်းကျင်နယ်ပယ်အတွင်းသို့  ဈေးနှုန်းသက်သာစွာဖြင့်  အလွယ်တကူရောက်ရှိလာသောအခါ  လူငယ်လူရွယ်များမှာ မူးယစ်ဆေးဝါး၏သားကောင်များ ဖြစ်လာကြသည်။ မူးယစ်ဆေးဝါးသုံးစွဲမိသော  လူငယ်လူရွယ်များအား  ကောင်းမွန်သောဘဝသို့  ပြန်လည်ရောက်ရှိအောင် အချိန်မီကယ်တင်နိုင်ရန်အတွက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ    ပြင်ဆင်သည့်နည်းဥပဒေကို မနှေးအမြန် ပြဋ္ဌာန်းနိုင်ရန်လိုအပ်သည်။

 

သို့ဖြစ်ရာ  မူးယစ်ဆေးဝါး၏သားကောင်ဘဝသို့ ကျရောက်သွားသော လူငယ်လူရွယ်များ၏ အနာဂတ်အရေးသည် နိုင်ငံ၏အနာဂတ်အရေးဖြစ်၍ မျိုးဆက်သစ်လူငယ်များအား လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကိုတားဆီးကာကွယ်နိုင်ရန် တစ်နိုင်ငံလုံး၊ ပြည်သူတစ်ရပ်လုံး၏ အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့်သတ်မှတ်ပြီး  အရှိန်အဟုန်မြှင့်တိုက်ဖျက်ကြရမည်ဖြစ်သလို တစ်ဖက်တွင် သုံးစွဲမိသော လူငယ်လူရွယ်များ၏ဘဝ ပြန်လည်တည့်မတ်ရေးကိုလည်း  ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်ပါ ကြောင်း။     ။

 

ကြေးမုံ