mdn

သတင်းဆောင်းပါး - ဝတ်ရည်ခင်(ပဲခူး)

 

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို တခမ်းတနား ကျင်းပကြ သည်။ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကိုလည်း မီးရှို့ဖျက်ဆီးကြသည်။

မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်နေပြီး မူးယစ်ဆေးဝါးကို အကြောအတွင်း ထိုးသွင်းသုံးစွဲမှု ၉၃၀ဝ၀ ခန့်ရှိသည်ဟု ခန့်မှန်းကြပါသည်။ ၂၀၁၇ ခုနှစ် ခန့်မှန်းချက်များအရ မူးယစ်ဆေး ထိုးသွင်းသုံးစွဲသူများအကြား HIV ပိုး ကူးစက်မှုမှာ ၃၄ ဒသမ ၉ ရာခိုင်နှုန်းခန့် ရှိပါသည်။ အသည်းရောင် ရောဂါ ဘီပိုးနှင့် စီပိုးကူးစက်မှုမှာလည်း မြင့်တက်ကာ ဘီပိုးကူးစက်မှုအနေဖြင့် ဒေသအလိုက် ၄ ဒသမ ၂ မှ ၁၁ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိနေပါသည်။

 

မူးယစ်ဆေးစွဲကုသရေး

 

မူးယစ်ဆေးစွဲကုသရေးအနေဖြင့် လက်ရှိတွင် မြန်မာနိုင်ငံ ၌ မူးယစ်ဆေးစွဲကုသရေးဌာနကြီး ၂၆ ခု၊ မူးယစ်ဆေးဝါးကုသ ရေးဌာနငယ်ပေါင်း ၄၇ ခုနှင့် မက်သာဒုံဆေးတိုက်ကျွေးသော ဌာနမှာ ၅၁ ခုရှိနေပြီး မူးယစ်ဆေးဝါးကုသရေးလုပ်ငန်းများကို ကျန်းမာရေးဘက်မှ ဆောင်ရွက်စီမံကုသပေးနေပါ သည်။ အရေအတွက်သာမက အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေပြီး စိတ်ကြွရူးသွပ် ဆေးစွဲ ပြဿနာများနှင့် ဆက်စပ်ဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့် ကုသပေးနိုင်ရန်လည်း လိုအပ်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၌ အကျဉ်းထောင်ပေါင်း ၄၀ တွင် အကျဉ်း သားဦးရေ စုစုပေါင်း ၆၀ဝ၀ဝ မှ ၈၀ဝ၀ဝ ရှိပြီး အကျဉ်းသား ဦးရေ၏ ၄၈ ရာခိုင်နှုန်းမှာ မူးယစ်ဆေးသုံးခဲ့သူများနှင့် ဆက်စပ် အမှုများ ကျူးလွန် သူများဖြစ်ကြသည်။ မြစ်ကြီးနား၊ လားရှိုး စသည့် အကျဉ်းထောင်များတွင် မူးယစ်ဆေးမှုကြောင့် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မြင့်မားစွာရှိသည်ကို တွေ့နိုင်ပါသည်။ အကျိုးအမြတ်များလှသည့် မူးယစ်ဆေးဝါးကုန်သွယ်မှုသည် နိုင်ငံဖြတ်ကျော်ဂိုဏ်းအဖွဲ့ မှုခင်းများကို အားပေးလျက်ရှိပြီး အကျင့် ပျက်ခြစားမှုနှင့် ဆက်စပ်သော တရားမဝင် လုပ်ငန်းများကိုလည်းဖြစ်စေ၍ နိုင်ငံ၏ လုံခြုံမှုနှင့် နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီ၏ လုံခြုံမှုကိုပါ ခြိမ်းခြောက်လျက် ရှိပါသည်။

“မျိုးဆက်သစ်တို့ တိုးတက်ရစ်လော့” ဆိုသည့် လူကြီး သူမ၊ ဆရာ ဆရာမကြီးများက ဩဝါဒ ဆိုဆုံးမမှုစကား ပေးခဲ့ပါသော်လည်း မူးယစ်ဆေးသုံး ကျောင်းသားလူငယ် များလာသည်နှင့်အမျှ အနာဂတ်လူငယ်များ ဆုတ်ကပ်ကို အမှန်ရောက် ကြပါလိမ့်မည်။ လမ်းမှားကို မလျှောက်မိစေရန် “ရှောင်လေဝေး ဝေး မူးယစ်ဆေး” ဟု လူငယ်များကို သတိပေး၊ ဆုံးမကြရပြန်ပါသည်။ ကျောင်းသား လူငယ်များ စာရိတ္တမြင့်မား၍ အသိပညာ၊ အတတ်ပညာများဖြင့် အောင်မြင်သော လူသားအရင်းအမြစ် များ ပေါ်ထွန်းလာစေဖို့ရာ အဓိကဖြစ်နေသည့် တရားခံသည် မူးယစ်ဆေးဝါးပင် ဖြစ်နေပါသည်။

မူးယစ်ဆေးဝါး အမျိုးအနွယ်အုပ်စုများတွင် မူးယစ်ဆေး ဝါး ဆေးပြားအမျိုးမျိုးအပြင် ကွမ်း၊ ဆေးလိပ်၊ အရက်၊ ကော်ရှူခြင်းတို့သည်လည်း မူးယစ်ဆေးဝါးအနွယ်ဝင်များပင်ဖြစ်ပါသည်။ အရက်ဆိုင်များသည် ပိုမိုများပြားလာသည်နှင့်အမျှ လူငယ်လေးများ အသက် ၁၅ နှစ်၊ ၁၄ နှစ်အရွယ်သာသာကလေး များက အရက်ဆိုင်တွင် အရက်သောက်နေကြသည်ကို မြင်တွေ့ရသောအခါ အနာဂတ်နောင်ရေး ရင်မအေးဖြစ်မိရပါသည်။ မိခင်နို့အနံ့ပင် မစင်သေးသည့် ကလေးသာသာ လူမမယ်လေး များကပင် အရက်သောက်၊ ဆေးလိပ်သောက်၊ ကွမ်းစား၊ ကော် ရှူနေကြသည်ကို မျက်မြင်တွေ့ မြင်နေရသည်က မိဘမောင် ဖွား၊ ဆရာ ဆရာမများသာမက မည်သူ့တွင်အပြစ်ရှိသနည်း ဆိုသည့်မေးခွန်းကို အပြန်ပြန်စဉ်းစားမိပါသည်။ ကွမ်းယာဆိုင် များကလည်း တစ်နေ့တခြား ပိုမိုများပြားလာပါသည်။ များပြား လာသည့်အလျောက် ရောင်းအားလည်း ပိုမိုကောင်းမွန်လာသည်။ မိတ်ဆွေတစ်ဦး မိသားစုသည် ကွမ်းယာဆိုင်စီးပွားရေး တစ်ခုတည်းဖြင့် စီးပွားရှာရာတွင် သား၊ သမီးများကို ဘွဲ့ရသည် အထိ ပညာသင်ပေးနိုင်ပြီး စီးပွားရေးအဆင်ပြေသည်ကို တွေ့ရပါသည်။ ကွမ်းစား၍ ပါးစောင်ကင်ဆာ၊ ပါးစပ်ကင်ဆာ ဖြစ်မည်ကို လည်း မကြောက်ရွံ့ကြဘဲ လူကြီး၊ လူငယ်မရွေး ကွမ်းစားနေကြသည်။ ကွမ်းစားနေရုံသာမက ကွမ်းတံတွေးများကို တွေ့ရာနေရာတွင် ထွေးသည့်အကျင့်ဆိုးကြောင့် လူနေမှု အသိုင်းအဝိုင်းတွင် ညစ်ညမ်းနေပါသည်။

 

ဆေးလိပ်ငွေ့သည် အဆိပ်ငွေ့

 

ဆေးလိပ်က ပို၍ပင်ဆိုးရွားလှပါသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်ကြောင့် နှစ်စဉ်လူဦးရေ ၆၅၀ဝ ကျော် သေဆုံးနေပါသည်။ အသိပညာပေးဟောပြောပွဲများကို တက္ကသိုလ်၊ စာသင်ကျောင်း၊ ရပ်ကွက်၊ ကျေးရွာများအထိ နှံ့နှံ့စပ်စပ် အသိပညာပေးရန် များစွာလိုအပ်ပါသည်။ ဆေးလိပ်သောက်၍ အဆုတ် ကင်ဆာအပြင် အခြားဆက်နွှယ်ရောဂါများ ဖြစ်ပေါ်လာစေပါသည်။ ဆေးလိပ်အငွေ့သည်လည်း အဆိပ်ငွေ့ ဖြစ်ပါသည်။ သောက်နေသူသာ ရောဂါရသည်သာမက ဘေးအနားရှိ လူများ သည်လည်း ဆေးလိပ်အငွေ့ကို ရှူမိခြင်းအားဖြင့် အဆိပ်ငွေ့ရှူရ သလိုပင် ရောဂါရရှိစေပါသည်။ မြန်မာနိုင်ငံသည် ဆေးလိပ်အငွေ့ ကြောင့် သေဆုံးမှုများသည့် နိုင်ငံစာရင်းတွင် ပါရှိပါသည်။ ထို့ကြောင့် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်သည့်အခါ ဆေးလိပ်ငွေ့သည် အဆိပ်ငွေ့ ဖြစ်သည့်အကြောင်းများ ဟောပြော ရန် လိုအပ်ပါသည်။

ခုအခါ ကော်ရှူခြင်းကိစ္စများကပါ ကလေးအသိုင်းအဝိုင်းတွင် ထပ်မံဆိုးရွားစွာ များပြားနေကြရသည်မှာ စိတ်မချမ်းမြေ့ ခြင်းများစွာနှင့် တွေ့ ကြုံရပါသည်။ “ဘယ်သူသေသေ ငတေမာ ပြီးရော” ဟု ယုတ်မာသည့် စိတ်ဓာတ်တို့ဖြင့် အသက်မွေးစီးပွား ပြုနေသူများကြောင့် စိတ်ကြွရူးသွပ်ဆေးများသည် ကျေးလက်၊ မြို့ပြ လူငယ်၊ လူရွယ်လေးများနှင့် စာသင်ကျောင်းများရှိရာသို့ ရောက်ရှိနေပါသည်။ သက်ငယ်မုဒိမ်းမှုများ ပိုမိုများပြားလာမှုသည်လည်း စိတ်ကြွကာမ လှုံ့ဆော်ဆေးများဝယ်ပြီး သောက်ကြရာမှ အပြစ်ကင်းစင်သည့် အဖြူရောင်သက်သက် ပန်းကလေးများ ကြွေမွပျက်စီးသည့် အမှုများ မြောက်မြားစွာ ပေါ်ပေါက်နေသည်မှာ မူးယစ်ဆေးများကြောင့် ဖြစ်ပါသည်။ အနာဂတ်လူငယ် များအတွက် ရင်လေးစရာအချိန်ကာလ ဖြစ်နေပါသည်။

ပထဝီအနေအထားအရ မြန်မာနိုင်ငံသည် ဓာတုပစ္စည်းများ ထုတ်လုပ်သော အဓိကနိုင်ငံကြီးနှစ်နိုင်ငံ အကြားတွင် တည်ရှိပြီး ကြီးမားသော နိုင်ငံတကာမူးယစ်ဆေးဝါးဈေးကွက်တစ်ခုဖြစ်သည့် အရှေ့နှင့် အရှေ့တောင်အာရှဒေသတွင် တည်ရှိနေခြင်းကလည်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပြဿနာကို ပိုမိုကြီးမား ရှုပ်ထွေးစေပါသည်။ နယ်စပ်တွင် စိတ်ကြွရူးသွပ်ဆေးများ အများအပြား ဖမ်းဆီးရရှိခြင်း ကလည်း အရှေ့တောင်အာရှဒေသ ဈေးကွက်အရေးပါမှုကို ဖော်ပြနေပါသည်။

ပြည်နယ်၊ တိုင်းဒေသကြီးနှင့် မြို့ရွာအနှံ့ မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုများပြားလာပါသည်။ လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် အနာဂတ်လူငယ်များကို လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အင်တိုက်အားတိုက် ဝိုင်းဝန်းတိုက်ဖျက်ရန် အထူးလိုအပ်ပါသည်။

“သူကစ၍ ငါကအားလုံး လက်ရုံးများမြောင် ဉာဏ်များ မြောင်နှင့် စွမ်းဆောင်ကြလေ၊ ဆောင်ကြ လေလော့” ဟု နှလုံးသားတွင် ရင်ဝယ်သွင်း၍ စုပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။

 

မူးယစ်ကင်းစင်သော လူ့ဘောင်အဖွဲ့အစည်း

 

“လူမှာစည်းကမ်း၊ ရဟန်းမှာ ဝိနည်း၊ ပြည်ကြီးဥပဒေ” ဆိုသည့်အတိုင်း လူဖြစ်သော်လည်း စည်းကမ်းရှိရမည်။ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးကအစ စည်းကမ်းရှိမှ တိုးတက်ပြီး ရေရှည်ကျန်းမာချမ်းသာမှုကို ရစေမှာဖြစ်သည်။ စည်းကမ်းတွင် မူးယစ်ဆေးနှင့်လည်း သက်ဆိုင် ပတ်သက်နေပါသည်။ အစားအသောက်၊ အနေအထိုင် စည်းကမ်းရှိသောသူသည် မူးယစ်ဆေးဝါးကို မည်သို့မှ သုံးစွဲခြင်းကို ပြုမည်မဟုတ်ကြောင်း ရာနှုန်းပြည့် ယုံကြည်ပါသည်။ မူးယစ်ကင်းစင်သော လူ့ဘောင်အဖွဲ့အစည်းကြီးဖြစ်မှသာ လူသားတို့သည် အသက် ရှည်၊ အနာမဲ့ပြီး လူ့သက်တမ်း ကုန်ဆုံးသည်အထိ နေထိုင်နိုင်မည်။ ရဟန်းမှာလည်း ဝိနည်းကို မြဲမြံစွာစောင့်ထိန်းကြရပါမည်။ 

ပြည်ကြီးမှာ ဥပဒေဆိုရာတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာသော လူသားတိုင်း၏ မွေးရာပါဂုဏ်သိက္ခာကို အခြေခံလျက် လွတ်လပ်ခွင့်များ၊ တရားဥပဒေစိုးမိုးမှုများကို ကာကွယ် ပေးထားပြီးဖြစ်ပါသည်။ အချိုးညီသော ဥပဒေရေးရာ တုံ့ပြန်မှု များအပါအဝင် လူ့အခွင့်အရေးကို လေးစားလိုက်နာသော မူးယစ်ဆေးဝါးသုံးစွဲမှုဆိုင်ရာမူဝါဒများနှင့် ပြစ်မှုဆိုင်ရာ တရား စီရင်ရေး ကဏ္ဍများကိုလည်း မြှင့်တင်ပေးနေခြင်းကြောင့် မူးယစ်ဆေးဝါးမူဝါဒများ ဖော်ဆောင်ရာတွင် ထိရောက်ပြီး ရေရှည်တည်တံ့ရုံသာမက နိုင်ငံအတွင်းနှင့် နိုင်ငံတကာအဖွဲ့ အစည်းများကပါ ထောက်ခံအားပေးသည့် မူဝါဒဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်နေပါသည်။ နိုင်ငံရေး ကတိကဝတ် များအရ မရှိမဖြစ်လိုအပ်သော ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပိုမိုအားကောင်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေကြပါသည်။ ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ခဲ့ကြပါသည်။

 

အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ

 

မူးယစ်ဆေးဝါးသုံးစွဲသူများအပေါ် ချမှတ်ထားသော ဥပဒေပြစ်ဒဏ်များကို လူမှုရေးပြစ်ဒဏ်များနှင့် အစားထိုးရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပြန်လည်ထူထောင်ရေးနှင့် လူ့အသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့ရေးတို့အား တွန်းအားပေး ဆောင်ရွက်နိုင်ရန်တို့ဖြင့် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။ မူးယစ် ဆေးဝါးထိန်းချုပ်သည့် လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ပြဋ္ဌာန်းထုတ်ဝေခဲ့ပြီး ထိုမူဝါဒတွင် လူ့အခွင့် အရေးနှင့် ပြည်သူ့ကျန်းမာရေးကို ဦးစားပေးသော ချဉ်းကပ်မှုများဖြင့် ဆောင်ရွက်မှုတို့ကို မြန်မာနိုင်ငံ၌ ပထမဆုံး အနေဖြင့် အထူးအလေးပေး ပြဋ္ဌာန်းခဲ့ပါသည်။ အကောင် အထည်ဖော်ရေး အတွက် အမျိုးသားမဟာဗျူဟာစီမံချက် (၂၀၁၉-၂၀၂၃) ကိုလည်း ရေးဆွဲဆောင်ရွက်နေပြီ ဖြစ်ပါသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးပပျောက်ရေး၊ သုံးစွဲသူလျော့ပါးရေး၊ သုံးစွဲသူများကို ဆေးကုသရေး၊ ပြန်လည်ပြုစုထူထောင်ရေးတို့အတွက် ဆေးသုံးစွဲသူများ၏ ကျန်းမာရေးနှင့် တရားရေးတို့ ပူးပေါင်းပြီး မူးယစ်ကင်းစင်မြန်ပြည်တစ်ခွင် ဖြစ်ဖို့အရေး “ ကျန်းမာရေးနှင့် တရားရေး၊ မူးယစ်ကင်းဖို့လက်တွဲစို့” ဟူသည့် ဆောင်ပုဒ်လေးဖြင့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုလိုက်ပါသည်။