နေပြည်တော် ၁၃ စက်တင်ဘာ 

မူးယစ်ဆေးဝါးသယ်ဆောင်သူအား မန္တလေးမြို့ပေါ်တွင် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၃ ရက် နံနက် ၅ နာရီခွဲခန့်တွင် ပြင်ဦးလွင်မြို့အဝင်၌ တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးရန်ထားရှိသည့် Mobile X-Ray စက်နေရာကို ရှောင်ကွင်းနိုင်သည့်နေရာများအား ပိတ်ဆို့စစ်ဆေးနေစဉ် လားရှိုးမှ မန္တလေးသို့ ယာဉ်မောင်း ဝသုန်မင်းထက် မောင်းနှင်ပြီး စိုင်းသန်းမြင့် လိုက်ပါလာသည့် ကုန်ပစ္စည်း တင်ဆောင်လာခြင်းမရှိသော ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းခေါင်မိုးအပေါ် အံဝှက်အတွင်း မသင်္ကာဖွယ် မူးယစ်ဆေးဝါးများ တွေ့ရှိရကြောင်း။

၎င်းတို့အား ပဏာမစစ်ဆေးချက်အရ  မန္တလေးသို့ပို့ရမည် ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးပိုင်ရှင်မှာ ၎င်းတို့ရှေ့မှ Toyota Land Cruiser အမျိုးအစား ခဲရောင်မော်တော်ယာဉ်ဖြင့် ကြိုသွားနှင့်ပြီး မန္တလေးမြို့အဝင်တွင် စောင့်ကြိုမည်ဖြစ်ကြောင်း သိရှိရသဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသည့်ယာဉ်ကို တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ မန္တလေးဘက်သို့ မောင်းနှင်စေပြီး မွန်းလွဲပိုင်းတွင် မန္တလေးမြို့အဝင်၌ Toyota Land Cruiser ယာဉ်အားတွေ့ရှိသဖြင့် ဖမ်းဆီးရရှိရေး ပိတ်ဆို့တားဆီးစဉ် ရဲတပ်ဖွဲ့ပိုင်ယာဉ်ကို ပွတ်တိုက်ပြီးနောက် မန္တလေးမြို့အတွင်း လှည့်ပတ်မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း၊ ထို့ကြောင့် နောက်မှ ထပ်ချပ်မကွာလိုက်လံ ဖမ်းဆီးရာ ရပ်တန့်ခြင်းမရှိ၍ မန္တလေးမြို့၊ ၂၆ လမ်းပေါ် ၅၆ လမ်းနှင့် ၅၇ လမ်းကြားအရောက်တွင် ယာဉ်ဘေးချင်းယှဉ်၍ သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ဖမ်းဆီးရာ Toyota Land Cruiser ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသူ စိုင်းဝင်းနိုင်(ခ)အားချိန်၊ လားရှိုးမြို့နေသူအား ညာဘက်လက်ဖျံ သေနတ်ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်ဆေးချက်များအရ ၆ ဘီးယာဉ်ပေါ်တွင် ဆပ်ပြာခွက် ၁၃၂၀  ဖြင့်ထည့်လျက် ဘိန်းဖြူ ၁၃.၂ ကီလို၊ ငွေကျပ်သိန်း ၇၉၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးများပိုင်ရှင် စိုင်းဝင်းနိုင်(ခ)အားချိန်က ယာဉ်မောင်း ဝသုန်မင်းထက်နှင့် စိုင်းသန်းမြင့်တို့ကို မူးယစ်ဆေးဝါးများ သိုဝှက်ထည့်သွင်းထားသည့် ၆ ဘီးမော်တော်ယာဉ်အား လားရှိုးမှ မန္တလေးသို့ မောင်းနှင်ရန် ငှားရမ်းခဲ့ကြောင်းနှင့် စိုင်းဝင်းနိုင်(ခ)အားချိန်သည် Toyota Land Cruiser ယာဉ်ဖြင့် မန္တလေးမြို့သို့ သီးခြားလိုက်ပါခဲ့ပြီး မန္တလေးမြို့တွင် မူးယစ်ဆေးဝါးများ လက်ခံယူမည်ဖြစ်ကြောင်း သိရှိရသဖြင့် ဝသုန်မင်းထက်၊ စိုင်းသန်းမြင့်နှင့် စိုင်းဝင်းနိုင်(ခ)အားချိန် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းစဉ်