မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရာတွင် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့လယ်ဖြစ်သည့် လမ်းမတော်မြို့နယ်တွင် ကွတ်ကီးမုန့်များအတွင်း ဆေးခြောက်များ ထည့်သွင်းပြုလုပ်ကာ အွန်လိုင်းမှတစ်ဆင့် ရောင်းချသူနှစ်ဦးကို ပြည်သူများ၏ သတင်းပေးပို့ချက်အရ ဖမ်းဆီးရမိခဲ့သည်။ ဤသည်မှာ လူငယ်လူရွယ်များနှင့် ကျောင်းသား ကျောင်းသူများကို ပစ်မှတ်ထားကာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုတွင် နောက်ဆုံးပေါ်ထွက်လာသည့် ပုံစံတစ်မျိုးဖြစ်ပြီး အခြားမူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချရာတွင်လည်း အိုင်တီနည်းပညာကို အသုံးပြု၍ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများထံ ဆက်သွယ်ချဉ်းကပ်ဖွယ်ရှိသည်ဟု သတိပြုစရာပင်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကူးစက်လာခြင်းနှင့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်ပြီး အကြမ်းဖက်အုပ်စုများ ပေါ်ထွက်လာခြင်းတို့က မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအပေါ် ရိုက်ခတ်မှုတို့ရှိခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်သူများသည် နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူ၍ နည်းလမ်းပေါင်းစုံဖြင့် မူးယစ်ဆေးဝါးများကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးကြရန် လိုအပ်ကြောင်း” ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ၌ လမ်းညွှန်မှာကြားခဲ့ရာ ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း မူးယစ် ဆေးဝါးနှင့် အခြားဆက်စပ်ပစ္စည်းများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ခေတ်မီနည်းပညာများ၊ စက်ကိရိယာများ၊ ဓာတ်ခွဲစမ်းသပ်ကိရိယာများ အသုံးပြု၍ မူးယစ်ဆေးဝါး သယ်‌ဆောင်မှုများကို ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးလျက် ရှိသကဲ့သို့ တစ်ဖက်တွင် မူးယစ်ဆေးဝါးသယ်ဆောင်သူများကလည်း လမ်းကြောင်းများ ပြောင်းလဲခြင်း၊ ရှောင်ကွင်းလမ်းများ အသုံးပြုခြင်း၊ သယ်ဆောင်သည့် နည်းစနစ်ပုံစံများ ပြောင်းလဲခြင်း၊ ပင်လယ်ရေကြောင်းကို အသုံးပြု သယ်ဆောင်ရောင်းဝယ်ခြင်းများ ပြုလုပ်လာကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာများသည် အုပ်ချုပ်ရေး အလှမ်းဝေးရာ နယ်စွန်နယ်ဖျား ဒေသများတွင် တည်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ လှုပ်ရှားရာ ဒေသများလည်း ဖြစ်သည်။ ၎င်းဒေသများမှ ထုတ်လုပ်လိုက်သည့် မူးယစ်‌ဆေးဝါးများသည် အိမ်နီးချင်းနိုင်ငံအချို့သို့ လည်းကောင်း၊ ပြည်တွင်းသို့ လမ်းကြောင်းအမျိုးမျိုးမှ ဖြတ်သန်းကာ ပင်လယ်ရေကြောင်းမှ အပြည်ပြည်ဆိုင်ရာ ရေပြင်သို့လည်းကောင်း သယ်ဆောင်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုအခါ ပြည်တွင်းရှိ အကြမ်းဖက်အုပ်စုများ လှုပ်ရှားရာဒေသများတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုနှင့် သုံးစွဲမှုများ မြင့်တက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးအမြတ်ထုတ်မှုများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။ တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ် ဟူသော ဆိုရိုးနှင့်အညီ မငြိမ်မသက်မှုများကြောင့် တရားဥပဒေစိုးမိုးမှု အားနည်းချိန်တွင် ဒုစရိုက်သမားများနှင့် မသမာသူများ လှုပ်ရှားထကြွကြသည်မှာ ၎င်းတို့၏ သဘာဝပင်ဖြစ်သည်။ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးသည် အမျိုးသားရေးတာဝန်ပင်ဖြစ်ပြီး နိုင်ငံတော်က မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူတစ်ရပ်လုံးကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျရာကဏ္ဍမှ ပူးပေါင်းတိုက်ဖျက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

မြန်မာ့အလင်း