mdn

သတင်းဆောင်းပါး - မောင်သင်းပျံ့

ရှေးမြန်မာမင်းများလက်ထက်တွင် ပုဂံခေတ်အထိ ဘိန်းနှင့်ပတ်သက်သောအရာများ မရှိခဲ့ချေ။ ၁၅၁၅ ခုနှစ်တောင်ငူခေတ်တွင် ပေါ်တူဂီလူမျိုးတို့ မုတ္တမမြို့သို့ ရောက်ရှိပြီး ဘိန်းအရောင်းအဝယ် ပြုလုပ်ခဲ့သည်။ ၁၆၁၃ ခုနှစ်ဝန်းကျင်တွင် ဟံသာဝတီဆိပ်ကမ်း(ပဲခူး)သို့ ဒတ်ချ် အင်ဒိစ်ကုမ္ပဏီက ဘိန်းများတင်သွင်းခဲ့သည်။ ၁၇၈၂၁၈၂၉ ခုနှစ် ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်တွင် ယစ်မျိုး (မူးယစ်) ပစ္စည်းများ အရောင်းအဝယ်မပြုလုပ်ရန် တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့သည်။ ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာဒုတိယကျူးကျော်စစ်ပြီးနောက် အောက် မြန်မာပြည်အား အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့ရာမှ ဘိန်း အမြောက်အမြားကို အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ တင်ပို့၍ ဘိန်းအရောင်းအဝယ် လုပ်ကိုင်ခဲ့ကြသည်။

မူးယစ်ရန်စွယ် 


မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ချင်းဝိသေသတိုင်းအက်ဥပဒေဖြင့် ချင်းဝိသေသတိုင်း၌ ဘိန်း၊ ဆေးခြောက်စိုက်ပျိုးထုတ်လုပ်ခြင်း၊ လက်ဝယ်ထား ရှိခြင်း၊ ရောင်းချခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ တင်သွင်းခြင်း တို့ကို အက်ဥပဒေပုဒ်မ ၃၆ ဖြင့် တားမြစ်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ဘိန်းခင်းနှိမ်နင်းရေးအက်ဥပဒေဖြင့် ဘိန်းသုံးစွဲသူများအား နှိမ်နင်းရန်ပြဋ္ဌာန်းခဲ့သည်။ ၁၉၄၆၁၉၅၀ အထိ တရုတ်ဖြူကူမင်တန်တပ်များ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ဝင်ရောက်ပြီး ဘိန်းစိုက်ပျိုး ခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြရာ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဘိန်းစစ်ဆင်ရေးများဆောင်ရွက်ခြင်း၊ ဘိန်းခင်းများ ဆေးဖျန်းဖျက်ဆီးခြင်းတို့ဖြင့် အမျိုးသားရေးရန်စွယ် တစ်ရပ်အနေဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် တရားမဝင်ဘိန်းစိုက်ပျိုးမှုနှင့် ထုတ်လုပ်ခြင်း အမြစ်တွယ်မှုမရှိစေရန် ပြည်သူ၊ တပ် မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ လက်တွဲညီညီ ဆောင် ရွက်ခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ ယနေ့ကာလတွင် ဘိန်းထုတ်လုပ်မှုထက်ကြီးမားသော မူးယစ်ဆေးဝါး အန္တရာယ်ကို နိုင်ငံတစ်ဝန်း ကြုံတွေ့နေရသောကြောင့် နိုင်ငံတော်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အမျိုး သားရေးတာဝန်တစ်ရပ်အနေဖြင့် မဟာဗျူဟာများ ချမှတ် ရေးဆွဲဆောင်ရွက်၍ မူးယစ်ရန်စွယ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ် သည်။

အဟန့်အတား 

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပြဿနာကို ကမ္ဘာ့နိုင်ငံများနည်းတူ နှစ်ကာလကြာရှည်စွာ ခံစားခဲ့ရ သည်။ နိုင်ငံတော်အစိုးရအဆက်ဆက်အနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်ခဲ့ကြပြီး ယခုအခါ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် မူးယစ်ဆေးဝါးကို ဘုံရန်သူ အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က“မူးယစ်သတင်းရောင်း ဝယ်ဖောက်ကားမှုသတင်းများသာမက ထုတ်လုပ်သူ၊ မူးယစ်ရာဇာကြီးများအား သတင်းတိတိကျကျ တိုင်ပေး ကြပါ။ မူးယစ်တိုက်ဖျက်ရေးမှာ အတားအဆီးဖြစ်နေတဲ့ တာဝန်ရှောင်လွှဲသူတွေ၊ အဂတိလိုက်စားသူတွေရှိခဲ့ရင် အရေးယူမှာဖြစ်တဲ့အတွက် အမျိုးသားရေးတာဝန်အဖြစ် အချက် အလက်များပေးပို့ကြပါ။ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနဲ့ အုပ်ချုပ်ရေးဌာနအဆင့်ဆင့်အနေနဲ့ “မူးယစ်ဆေးဝါးကိစ္စ ခြွင်းချက်လုံးဝမထားရ” ဆိုတဲ့ မူဝါဒကို အလေးထား လိုက်နာဆောင်ရွက်ပေးကြပါ" စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။

၂၀၁၉ ခုနှစ် ဩဂုတ်လ ၉ရက်နေ့တွင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်က နိုင်ငံတော်သမ္မတ အိမ်တော်၌ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အား သီးခြား တွေ့ဆုံပြီး မူးယစ်ဆေးဝါးပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် လမ်းညွှန်ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုနှင့်အညီ တားဆီး နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ခဲ့ရာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၀ ပြည့်နှစ်၏ ပထမ ငါးလအတွင်း မူးယစ်ဆေးဝါးများကို ယခင်နှစ်များထက် ပိုမိုဖမ်းဆီးရရှိခဲ့သည်။

မူဝါဒနှင့် ဥပဒေပြင်ဆင်ရေးဆွဲ 

၂၀၁၆ ခုနှစ် ဧပြီလတွင် အမေရိကန်နိုင်ငံ နယူး ယောက်မြို့၌ ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာဆိုင်ရာ ကုလ သမဂ္ဂအထူးအစည်းအဝေး(2016 UNGASS)ကို ကျင်းပခဲ့ပြီး ဘက်ပေါင်းစုံ ချဉ်းကပ်မှုများပါဝင်သော မူးယစ်ဆေးဝါး မူဝါဒများရေးဆွဲနိုင်ရေး လုပ်ငန်းအကြံပြုချက်များကို ချမှတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ လုပ်ငန်းအကြံပြုချက်များနှင့်အညီ ဘက်ပေါင်းစုံချဉ်း ကပ်မှုများ ပါဝင်သော အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ်ကို အစိုးရဌာနဆိုင်ရာများ၊ လွှတ်တော်ကော်မတီ အသီးသီးမှကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် မှုဖြင့် ရေးဆွဲခဲ့ကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။

မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် အမျိုးသားမဟာဗျူဟာစီမံချက် တစ်ခုကို ရေးဆွဲခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ အတည်ပြုနိုင်ခဲ့သည်။ အလားတူမူဝါဒကို အထောက်အကူ ပြုမည့် ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေကိုလည်း ခေတ်စနစ် နှင့် လျော်ညီစွာ ပြင်ဆင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ပြင်ဆင်သည့်ဥပဒေကို အကောင်အထည်ဖော်ရန် နည်းဥပဒေကိုရေးဆွဲလျက်ရှိရာ မကြာမီထွက်ပေါ်လာမည်ဖြစ်သည်။

နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှု 

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂမူးယစ်ဆေးဝါး ကွန်ဗင်းရှင်း သုံးခုတွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင်ရှိသော Vienna International Center (VIC) တွင် နှစ်စဉ်ကျင်းပသည့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးကော်မရှင်အစည်းအဝေးအား ကုလသမဂ္ဂ မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းများတွင် ပါဝင်လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပခဲ့သော အဆိုပါ အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်လေးဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးမှ သံအမတ်ကြီး ဦးဆောင်သော ကိုယ်စားလှယ်နှစ်ဦး စုစုပေါင်းခြောက်ဦး တက်ရောက်ခဲ့သည်။

ကုလသမဂ္ဂမူးယစ်ဆေးဝါး ကော်မရှင်အစည်းအဝေး သည် ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရေး အတွက် ချမှတ်ထားသောဆုံးဖြတ်ချက်များအလိုက် ဆောင်ရွက်ချက်များအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးသုံးသပ်နိုင် ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အတွင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအစည်းအဝေးများ ဖြစ်သည့် အာဆီယံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး (AMMD)၊ မူးယစ်ဆေးဝါး ဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (ASOD)၊ အာဆီယံလေကြောင်းကြားဖြတ်စစ်ဆေးရေး တပ်ဖွဲ့အစည်းအဝေး(AAITF)၊ အာဆီယံ ပင်လယ်ဆိပ်ကမ်း တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ အစည်းအဝေး (ASITF)နှင့် အာဆီယံမူးယစ်ဆေးဝါး စောင့်ကြည့် စစ်ဆေးရေး ကွန်ရက်အစည်းအဝေး (ADMN)တို့တွင် ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။

အာဆီယံအဖွဲ့မှ ချမှတ်ထားသည့် ဘေးကင်းလုံခြုံ သော လူမှုအဖွဲ့ ဖြစ်စေရေး မူးယစ်ဆေးဝါးဆန့်ကျင်ရေး အာဆီယံလုပ်ငန်းစီမံချက်၂၀၁၆-၂၀၂၅ (ASEAN Work Plan 2016-2025)၊ ရွှေတြိဂံ ဒေသတွင်း တရားမဝင်မူးယစ် ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများအား တိုက်ဖျက်ရေး အာဆီယံပူးပေါင်းဆောင်ရွက်ရေး စီမံချက် (၂၀၁၇-၂၀၁၉) (ASEAN Cooperation Plan 2017-2019) နှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ဘင်းမ်စတက်ဒေသအတွင်း အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီး နှိမ်နင်းရေးဆိုင်ရာ ပထမအကြိမ်အစည်းအဝေးမှလုပ်ငန်းခွဲ အုပ်စုများ ဖွဲ့စည်း၍ အဖွဲ့ဝင်နိုင်ငံများက တာဝန်ယူဆောင်ရွက်ရန် သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် မူး ယစ်ဆေးဝါးနှင့်ဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင် ရောင်းဝယ်မှုတိုက်ဖျက်ရေး လုပ်ငန်းခွဲအုပ်စုကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့၌ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Fifth Meeting of the BIMSTEC Sub-Group on Prevention of Illicit Trafficking in Narcotics Drug, Psychotropic Substances and Precursor Chemicals အစည်းအဝေး၏အစီရင်ခံစာအရ Sub-Group ၏ ဦးဆောင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ကိုယ်စား BIMSTEC Annual Drug Report အား ထုတ်ဝေဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ် ရေးအတွက် အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ရုရှား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့နှင့် သဘောတူညီမှု လက်မှတ်ရေးထိုးထားရာ စုစုပေါင်း MoU/ LoA ၂၄ ခု လက်မှတ်ရေးထိုးဆောင်ရွက် ခဲ့ပြီးဖြစ်သည်။

ထို့အပြင် အင်ဒိုနီးရှားနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဖိလစ်ပိုင် နိုင်ငံနှင့် ရေးထိုးထားသော နားလည်မှုစာချွန်လွှာအား ပြင်ဆင်လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိ သည်။


ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(UNODC)၊ ဩစတြေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ (AFP)၊ အမေရိကန် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့ (DEA)၊ တရုတ်နိုင်ငံ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင် (NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)  တို့နှင့် နည်းပညာ၊ ပစ္စည်းကိရိယာအကူအညီများရယူခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ သတင်းဖလှယ်ခြင်းတို့ဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ခြောက်နိုင်ငံ ပူးပေါင်းစစ်ဆင်ရေး ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ ဗန်ကောက် မြို့၌ မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ် စသည့်ခြောက်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ် | ရေးဆိုင်ရာ မဲခေါင် နားလည်မှုစာချွန်လွှာ ဝန်ကြီးအဆင့်အစည်းအဝေးကို ကျင်းပခဲ့ပြီး ရွှေတြိဂံဒေသအတွင်းသို့ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ပရီကာဆာ ဓာတုပစ္စည်းများဝင်ရောက်မှုမရှိစေရေးနှင့် ရွှေတြိဂံ ဒေသမှ မူးယစ်ဆေးဝါးများ အခြားဒေသများသို့ ပျံ့နှံ့မှုမရှိ စေရေးအတွက် မဲခေါင် MoU ခြောက်နိုင်ငံ ပူးပေါင်းမှုဖြင့် အထူးစစ်ဆင်ရေးတစ်ရပ်ကို ဆောင်ရွက်ရန် သဘောတူညီ မှုရယူခဲ့ကြသည်။ ထိုအထူးစစ်ဆင်ရေးအား “Operation 1511"ဟု အမည်သတ်မှတ်၍ မြန်မာနိုင်ငံ၌ ရှမ်းပြည်နယ် အတွင်း ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်သူတို့လက်တွဲ၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်မှ ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးများ

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့တွင် အခက်အခဲတစ်ခုအဖြစ် ရင်ဆိုင်နေရသော မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီး နှိမ်နင်းရာတွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းလက်တွဲ၍ တွန်းလှန်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်မှ စ၍ ဗမာပြည်ကွန်မြူနစ်ပါတီတောခိုခဲ့ပြီး သောင်းကျန်း သူအဖွဲ့မျိုးစုံသည် ဘိန်းစိုက်ပျိုးရာနယ်စပ်ဒေသများတွင် အခြေပြု လှုပ်ရှားခဲ့ကြသည်။ ၁၉၈၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် ကမ်းလှမ်းဖိတ်ခေါ်ခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း ၁၇ ဖွဲ့သည်ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် မူးယစ် ဆေးဝါးထုတ်လုပ်ဖြန့်ချိသည့် အဖွဲ့ အစည်းများသည် နယ်စပ်ဒေသများနှင့် တရားဥပဒေစိုးမိုးရေး လက်လှမ်းမမီသော နေရာဒေသတို့တွင် အခြေပြု လုပ်ဆောင်ကြ သောကြောင့် နယ်မြေမတည်ငြိမ်မှုနှင့် တရားဥပဒေ စိုးမိုးမှုကို ခြိမ်းခြောက်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်က မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ယနေ့တိုင် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်ရာ၌ မူးယစ်ဆေးဝါးပပျောက်ရေး အတွက် နယ်စပ်တစ်လျှောက် ဘိန်း စိုက်ပျိုး ထုတ်လုပ်မှု ကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူတို့ပူးပေါင်း လက်တွဲမှုဖြင့် ၁၉၇၅ ခုနှစ် စက်တင်ဘာလမှ ၁၉၈၈ ခုနှစ် ဧပြီလအထိ မိုးဟိန်းစစ်ဆင်ရေး၊ ငရဲပန်းစစ်ဆင်ရေး၊ တောင်ရန်ရှင်း စစ်ဆင်ရေး၊ တောင်ထိပ်ပန်းစစ်ဆင်ရေးနှင့် အောင်မိုးဟိန်းစစ်ဆင်ရေးတို့ဖြင့် ရှင်းလင်းဆောင်ရွက် ခဲ့သည်။ ယခုအခါ ဘိန်းနှင့်အတူ မူးယစ်ဆေးဝါးအန္တရာယ် မှာ ပိုမိုခြိမ်းခြောက်လာသောကြောင့် မူးယစ်ဆေးဝါး အန္တရာယ်ကို တားဆီးနှိမ်နင်းလျက်ရှိရာ ဘိန်း၊ မူးယစ် ဆေးဝါးထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရာလမ်းကြောင်းများကို ထိန်းချုပ်ခြင်းတို့ဖြင့် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ  လုံခြုံရေးကို ဆောင်ရွက်လျက်ရှိသည်။

၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်မတ်လ ၃၁ ရက်နေ့အထိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး များဖြစ်သော ကချင်ပြည်နယ်တွင် ဧရာဦးစစ်ဆင်ရေး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် သီတာစစ်ဆင်ရေး၊ ချင်းတွင်း (၁)၊ (၂) စစ်ဆင်ရေး၊ ချင်းတွင်းဧရာစစ်ဆင်ရေး၊ ရှမ်းပြည် နယ်တွင် ဆောင်ရွက်သော Operation 1511" စစ်ဆင် ရေး၊ ရှမ်းရိုးမစစ်ဆင်ရေး၊ ရှမ်း (အရှေ့) တွင် မဲခေါင် စစ်ဆင်ရေး(၁)၊ (၂)၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ (Joint Action Plan) သုံးလ ပူးပေါင်းစစ်ဆင်ရေး၊ ရှမ်း(တောင်)တွင် သံလွင်စစ်ဆင်ရေး၊ ရှမ်း(မြောက်)တွင် ရွှေလီ(၁)၊ (၂) စစ်ဆင်ရေး၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတွင် ဆောင်ရွက်သော မန်းကမ္ဘောဇစစ်ဆင်ရေး၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် ဆောင်ရွက်သော ရှမ်းရိုးမ(၂) စစ်ဆင်ရေး၊ မန္တလေးတိုင်းဒေသကြီးတွင် ရတနာပုံ စစ်ဆင်ရေး(၁)၊ (၂)၊ (၃)၊ မွန်ပြည်နယ်တွင် ရာမညစစ်ဆင် ရေး၊ ကရင်ပြည်နယ်တွင် ဇွဲကပင် စစ်ဆင်ရေး၊ ရခိုင်ပြည် နယ်တွင် ဓညဝတီစစ်ဆင်ရေး၊ မေယု(၁)၊ (၂)နှင့် ကစ္ဆပနဒီစစ်ဆင်ရေး၊ နေပြည်တော်တွင် ပေါင်းလောင်း(၁)၊ (၂) စစ်ဆင်ရေး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဒဂုံစစ်ဆင် ရေး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပုလဲမင်းစစ်ဆင်ရေး တို့ဖြင့် စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့သည်။ ထိုစစ်ဆင် ရေးများတွင် MoU ခြောက်နိုင်ငံ တစ်ပြိုင်တည်း တစ်ချိန် တည်းဆောင်ရွက်သော “Operation 1511” စစ်ဆင်ရေး သည် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့အနေဖြင့် အချိန်တို အတွင်း စံချိန်တင်ဖမ်းဆီးနိုင်ခဲ့သော စစ်ဆင်ရေးတစ်ခု အဖြစ် ဂုဏ်ယူစွာ တွေ့မြင်ရမည်ဖြစ်သည်။

 သမိုင်းတွင်ကျန်ရစ်မည့် “Operation 1511"စစ်ဆင်ရေး

မဲခေါင် MoU အဖွဲ့ဝင်နိုင်ငံများအကြား တစ်ချိန် တည်း တစ်ပြိုင်တည်းဆောင်ရွက်သော “Operation 1511” စစ်ဆင်ရေးအမည်ပေါ်လာခြင်းသည် မြန်မာနိုင်ငံ အပါအဝင် MoU ခြောက်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ဝန်ကြီးအဆင့် အစည်း အဝေး သဘောတူညီမှုရရှိသော ၁၅-၁၁-၂၀၁၉ ရက်နေ့ ကို အစွဲပြု၍ “Operation 1511” စစ်ဆင်ရေးအမည် ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။

ထိုစစ်ဆင်ရေးကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး စစ်ဆင်ရေးအတွင်း ချမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ နယ် ကောင်းခါး ကျေးရွာအုပ်စု လွယ်ခန်ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းများ၏ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စစ်ဆင်ရေးဆောင်ရွက်ရာ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သော ရန်ကုန် အခြေစိုက် အမေရိကန်ပြည်ထောင်စု မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး အုပ်ချုပ်မှုအဖွဲ့ (DEA)နှင့် ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP)တို့နှင့် အပြန်အလှန် သတင်းချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့မှ သတင်းရရှိမှု အပေါ် မူးယစ်ဆေးဝါးများ ဖမ်းဆီးခြင်း၊ သယ်ဆောင်ရာ လမ်းကြောင်းများ ထိန်းချုပ်ခြင်း၊ ဓာတုပစ္စည်းများ ဘရားမဝင်တင်သွင်းမှုနှင့် ရောင်းဝယ်မှုတို့ကို တားဆီး ခြင်းတို့ဖြင့် ရှမ်းပြည်နယ်တွင် တားဆီးနှိမ်နင်းခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃ သန်းကျော်၊ အိုက်စ် ၅၀၁ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၄၁၄ ဘီလီယံကျော် သိမ်း ဆည်းရမိခဲ့သည်။ မူးယစ်ဆေးဝါးအမှု ၅၅ မှူးလက်နက် နှစ်မှုနှင့် တရားခံ ၁၃၂ ဦး ဖော်ထုတ်ရရှိ၍ ၃၄ ဦး ဖမ်းဆီးက ၉၈ ဦးအား တရားခံပြေးအဖြစ် အရေးယူလျက်ရှိ သည်။ ထို့အတူ ရှမ်းပြည်နယ်အတွင်း ပြုလုပ်ခဲ့သော မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး အထူးစစ်ဆင်ရေး များသည် ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများ ပြည်တွင်း သို့ ဝင်ရောက်မှုမရှိစေရန် ဦးစားပေးဆောင်ရွက်ခြင်း ဖြစ်သည်။ အဆိုပါ စစ်ဆင်ရေးများတွင် “Operation 1511" စစ် ဆင်ရေးသည် အာဆီယံနိုင်ငံများ၊ MoU နိုင်ငံများနှင့် မြန်မာနိုင်ငံအား ရွှေတြိဂံဒေသနှင့်ပတ်သက် ၍ ထောက်ပြစွပ်စွဲနေသော နိုင်ငံတို့အတွက် မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးကို စွမ်းစွမ်း တမံဆောင်ရွက်ခဲ့မှုအား ကမ္ဘာ့အလယ်တွင် ထုတ်ဖော် ပြသနိုင်ခဲ့ပြီဖြစ်သည်။

အဓိကအတားအဆီး 

တစ်မျိုးသားလုံး၏ ဘုံရန်သူဖြစ်သော ဘိန်းနှင့် မူးယစ်ဆေးဝါးကို မြန်မာ့မြေပေါ်မှာသာမက ကမ္ဘာပေါ် တွင်ပပျောက်သွားရန် နိုင်ငံအသီးသီး လက်တွဲဆောင်ရွက် ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ် ကင်း ဝေးစေမည်ဖြစ်သည်။ ပထမဆုံးအကြိမ်ဆောင်ရွက်ခဲ့သော Operation 151I" စစ်ဆင်ရေးသည် စိန်ခေါ်မှုများ၊ စစ်ဆင်ရေးတစ်ရပ်လည်း ဖြစ်သည်။ အခြားနိုင်ငံများနှင့် မတူညီသည့် မြန်မာနိုင်ငံ၏ အခြေအနေအပေါ်တွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့၏ စွမ်းဆောင် ရည်ကို ထုတ်ဖော်ပြသခွင့်ရခဲ့၍ ဒေသတွင်းနိုင်ငံများ သာမက ကမ္ဘာ့နိုင်ငံများအသိအမှတ်ပြုမှုကို ရရှိမည်မှာ အမှန်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိသည့် လက်နက်ကိုင်အဖွဲ့ အချို့နှင့် ဆက်နွှယ်မှုကြောင့် ယနေ့ နိုင်ငံတော်က ဖော်ဆောင် လျက်ရှိသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအတားအဆီးကြီး တစ်ခု ဖြစ်လျက်ရှိသည်။ 

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု 

မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် တရားမဝင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုစစ်တမ်းနှင့် ဘိန်းစိုက်ဒေသရှိ ပြည်သူတို့၏ လူမှုစီးပွားစစ်တမ်းကောက်ယူမှု အစီအစဉ်ကို UNODC နှင့် ပူးပေါင်း၍ ၂၀၀၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၀၆ ခုနှစ်တွင် အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် မှစတင်၍ ၂၀၁၃ ခုနှစ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။

၂၀၁၄ ခုနှစ်မှ ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးမှု ပြန်လည်ကျဆင်းသွားခြင်းသည် နိုင်ငံတော်အစိုးရ၊ UNODC၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ အစားထိုး ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် တစ်ဖက်မှာလည်း ဓာတုပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်သည့် လူလုပ်မူးယစ်ဆေးဝါးများ သုံးစွဲမှု များပြားလာလျက်ရှိသည်။ ယခင်က မြန်မာနိုင်ငံတွင် တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ကမ္ဘာပေါ်၌ ဒုတိယအဆင့်ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် တတိယအဆင့်သို့ ကျဆင်းသွားကြောင်း UNODC ၏ ၂၀၁၉ ခုနှစ် ကမ္ဘာ့ မူးယစ်ဆေးဝါး အစီရင်ခံစာအရ တွေ့ရှိရမည်ဖြစ်သည်။ ဘိန်းကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည် နယ်နှင့် ချင်းပြည်နယ်တို့တွင် စိုက်ပျိုးလျက်ရှိရာ ရှမ်းပြည်နယ်သည် တရားမဝင် ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသဖြစ်သည့်အပြင် မူးယစ်ဆေးဝါး အများ ဆုံးထွက်ရှိရာ ဒေသဖြစ်လာသောကြောင့် နိုင်ငံတော်မှ တစ်မျိုးသားလုံးရန်စွယ်အနေဖြင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ခြင်းဖြစ်သည်။

နယ်စပ်ရေးရာကို မတည်ငြိမ်မှုဖြစ်ပေါ်စေ

မြန်မာနိုင်ငံတွင် အဆက်ဆက်ကြုံတွေ့ခဲ့ရသော အခက်အခဲမှာ လက်နက်ကိုင် ပဋိပက္ခနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပင် ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် တိုင်းရင်းသားအားလုံး၏ နှလုံးသားဖြင့် ဆုံးဖြတ်ရမည်ဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခသည် တိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှုဖြင့် ဝိုင်းဝန်းလက်တွဲ အဖြေရှာရမည် ဖြစ် သည်။ ပဋိပက္ခ ရှည်ကြာလာခြင်းသည် မူးယစ်ဆေးဝါး အမြစ်တွယ်မှု ကြောင့်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လက်နက် ဖြင့် လဲလှယ်ရာ၌ မူးယစ်ဆေးဝါးကို အဓိကပို့ကုန်အဖြစ် အသုံးချလျက်ရှိသည်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ဖြတ်သန်းစီးဆင်းနေသော မူးယစ် ဆေးဝါးသည် နယ်စပ်ရေးရာကို မတည်ငြိမ်မှုဖြစ်ပေါ်စေ လျက်ရှိသည်။

အဆိုပါဒေသရှိ အကြမ်းဖက်အဖွဲ့ အစည်းများအနေ ဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုမှရရှိသော အကျိုးအမြတ်ဖြင့် လက်နက်ခဲယမ်းများ ဝယ်ယူ၍လက် နက်ကိုင်သောင်းကျန်းမှုဖြင့် နိုင်ငံရေးအသွင် ပုံဖော် လုပ်ဆောင်နေလျက်ရှိသည်။ နိုင်ငံမတည်ငြိမ်မှုကို ဖြစ်ပေါ်စေခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေခြင်း၊ နိုင်ငံရေးအသွင် လက်ကိုင်အသုံးပြုလာခြင်း တို့ကြောင့် မူးယစ်ဆေးဝါး၏ အကျိုးဆက်သည် မြန်မာ နိုင်ငံ၏ လူမှုစီးပွားနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို ခြိမ်းခြောက်လျက်ရှိရာ နိုင်ငံတော်က မဟာဗျူဟာများ ရေးဆွဲချမှတ်၍ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ဖမ်းဆီးရမိ 

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့တို့က ကြိုးပမ်းဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၁၈ ခုနှစ်တွင် အမှုပေါင်း ၁၃၀၃၇ မှု၊ တရားခံ ၁၈၆၈၁ ဦးအား ဘိန်းဖြူ ၁၀၉၉ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၆ သန်းကျော်၊ အိုက်စ် ၂ ဒသမ ၈ တန်ကျော်၊ ကက်တမင်း ၂ ဒသမ ၃ တန်ကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တန်ဖိုးငွေကျပ် ၄၄၂ ဘီလီယံကျော် ကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် အမှုပေါင်း ၁၃၀၀၀ ၊ တရားခံ ၁၈၄၀၇ ဦးအား ဘိန်းဖြူ ၆၉ဝ ကီလို စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၈ သန်း ကျော် အိုက်စ် ၉ ဒသမ ၄ တန်ကျော်၊ ကက်တမင်း တစ်တန်ကျော်အပါအဝင် မူးယစ် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတန်ဖိုး ငွေကျပ် ၅၅၅ ဘီလီယံကျော်ကိုလည်းကောင်း ဖမ်းဆီးအရေးယူခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ တားဆီးနှိမ်နှင်းရေးကို အရှိန်အဟုန်မြှင့် ဆောင် ရွက်ရာ၌ အမှုပေါင်း ၇ဝဝ၁ မှု၊ တရားခံ ၁၀၀၂၁ ဦးအား ဘိန်းဖြူ ၇၀၆ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၁ သန်းကျော်၊ အိုက်စ် ၅ ဒသမ ၆ တန်ကျော်၊ ကတ်တမင်း ၅၄၂ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၉၀၈ ဘီလီယံကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့၍ ၂၀၂၀ ပြည့်နှစ်သည် မူးယစ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏အရှိန်အဟုန်မြှင့် ဆောင်ရွက်မှု၏ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်ခဲ့ မည်ဖြစ်သည်။

မီးရှို့ဖျက်ဆီး 

၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့၌ မြန်မာ ကျပ်ငွေ ၄၅၁ ဒသမ ၇၄၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၃၀၁ ဒသမ ၁၆၄ သန်းကျော်)တန်ဖိုးရှိ မူးယစ် ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခဲ့သည်။ အလားတူ ၂ဝ၂ဝ ပြည့်နှစ် (၃၃)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့တွင်လည်း မြန်မာကျပ်ငွေ ၁၂၁၇ ဒသမ ၇၁၁၈ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၈၃၉ ဒသမ ၈၀၁၂ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် မူးယစ် ဆေးငါးချက်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်း များကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးနှင့် ကွတ်ခိုင်မြို့ တို့၌ ပြုလုပ်သည့် မီးရှို့ ၊ မြေမြှုပ်ဖျက်ဆီးပွဲတွင် ပြည်သူတို့ မျက်ဝါးထင်ထင် တွေ့မြင်ရမည်ဖြစ်သည်။

တိုင်းရင်းသား ညီအစ်ကိုများ စည်းလုံးညီညွတ်စွာ

မူးယစ်ဆေးဝါးရှိလျှင် တားဆီးနှိမ်နင်းရေးလုပ်ငန်း များ ရှိနေမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပြည်သူနှင့် အတူ ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း၍ အစဉ် လက်တွဲဆောင်ရွက်လျက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေး၊ နယ်စပ်ရေးရာနှင့် တရားဥပဒေစိုးမိုးရေးကို ခြိမ်း ခြောက်နေသော မူးယစ်ဆေးဝါးအန္တရာယ်အား အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ကာ မူးယစ် ဆေးဝါးပပျောက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန် အသင့်ရှိနေမည်ဖြစ်သည်။ နိုင်ငံတော်၏ မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန် တိုင်းရင်းသားညီအစ်ကိုများ စည်းလုံးညီညွတ်စွာဖြင့် မူးယစ်ဆေးဝါးကင်းစင်ပျောက်ကွယ်သည်အထိ သမိုင်း ပေးတာဝန်တစ်ရပ် အနေဖြင့် မူးယစ်ရန်စွယ်ကို တွန်းလှန်သွားကြရမည်သာ ဖြစ်သည်။

အသီးအပွင့်များအဖြစ် အကျိုးခံစားရရှိ

ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးတွင် အစွမ်းကုန် ကြိုးပမ်းလာ ခဲ့ခြင်းကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဘိန်းဖြူထုတ် လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ လျော့နည်းကျဆင်း သွားသော်လည်း မူးယစ်ဆေးဝါးသုံးစွဲမှု ပုံသဏ္ဌာန်များ ပြောင်းလဲလာခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်း ဆေးဝါးများ ထုတ်လုပ်ရာတွင် နည်းပညာများ မြင့်မား လာခြင်း၊ ပြောင်းလဲလာခြင်းတို့ကြောင့် မူးယစ်ဆေးဝါး ပြဿနာသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လျော့ကျ သွားခြင်းမရှိဘဲ ဆိုးရွားနေဆဲဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် စိတ်ပြောင်းဆေးဝါးအသစ် များနှင့် လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ နှစ်စဉ်များပြားလာခြင်းကြောင့် တစ်မျိုးသားလုံးသာမက ကမ္ဘာလုံးဆိုင်ရာ အန္တရာယ် ဖြစ်စေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို တိုက်ဖျက်နိုင်ရန် အမျိုးသားအဆင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်များရေးဆွဲလျက် အကောင်အထည် ဖော်ဆောင်ရွက်နေမှုကို တွေ့မြင်ရမည်ဖြစ်သည်။ မူး ယစ် ဆေးဝါးတားဆီးနှိမ်နှင်းရေး အောင်မြင်လာ သည်နှင့်အမျှ နိုင်ငံတော် အေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးတို့တွင် အောင်မြင်မှုတို့၏ အသီးအပွင့်များကို ပြည်သူအပေါင်း ခံစားရရှိမည်ဖြစ်သည်။

ဂုဏ်ပြု 

မူးယစ်ဆေးဝါးပြဿနာများကို ဖြေရှင်းဆောင် ရွက်ရာတွင် စိန်ခေါ်မှုများစွာဖြင့် ကြုံတွေ့နေရသော် လည်း မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အခြေအနေနှင့် ကိုက်ညီသည့် တုံ့ပြန်ဆောင်ရွက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ရေရှည်တည်တံ့သော အောင်မြင် မှုများကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် နိုင်ငံ တော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ တိုင်းရင်းသားပြည်သူ တို့၏လက်တွဲပူးပေါင်းဆောင်ရွက်မှုသည် အထူးအရေး ကြီးသည်။ 

 နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှု၊ မူးယစ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ အနီးကပ်ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မတော်နှင့် အခြားသော တားဆီးနှိမ်နင်းရေးမိတ်ဖက်အဖွဲ့ အစည်းများ ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုတို့ကြောင့် ယခင်နှစ်များနှင့်မတူဘဲ ယခုနှစ် ၂ဝ၂ဝ ပြည့်နှစ်တွင် မူးယစ်ဆေးဝါး အမြောက် အများကို စံချိန်တင် ဖမ်းဆီးရမိခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ဦးလည်မသုန် စွမ်းစွမ်း တမံ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတွင် ပြည်သူနှင့်အတူ လက်တွဲ ပူးပေါင်းဆောင်မြင်ခဲ့မှုအား ၂ဝ၂ဝ ပြည့်နှစ် ဇွန်လ ၂၆ ရက်နေ့၌ ပြုလုပ်သည့် မူးယစ်ဆေးဝါးများ မီးရှို့၊ မြေမြှုပ်ဖျက်ဆီးပွဲ၌ ဒေသတွင်းနိုင်ငံများသာမက ကမ္ဘာ တစ်ဝန်းမှ မျက်ဝါးထင်ထင်တွေ့မြင်သိရှိစေမည် ဖြစ်သည်။

သို့ဖြစ်၍ အရှိန်အဟုန်ရလျက်ရှိသော မူးယစ် ဆေးဝါးတိုက်ဖျက်ရေး ခြေလှမ်းများဖြင့် ဆက်လက်လှမ်း ချီလျက် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းများ စွမ်းအားပြည့်ဆောင်ရွက်သွားမည်ကို တွေ့မြင်ရ မည်ဖြစ်ပါကြောင်း (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ဂုဏ်ပြု ရေးသားဖော်ပြအပ်ပါ သည်။ ။