မြဝတီ၊ မြိတ်နှင့် လားရှိုးနှင့် ကွမ်းလုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၆

 

မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၅ ရက် ည ၉ နာရီတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ငွေဟင်္သာဘုန်းကြီးကျောင်းရှေ့လမ်းတွင် စိုင်းမုန်းမောင်(ခ) စောမုန်းမောင်(ခ)သားငယ် မောင်းနှင်လာသည့် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ပြား ၆,၁၇၆ ပြား၊ ဘိန်းဖြူ သုည ဒသမ ဝ၂၈ ကီလိုနှင့် ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၂၈ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ဖျူ့စ် ၂ ချောင်းတို့ကို သိမ်းဆည်း ရမိခဲ့သည်။

 

အလားတူ ဇူလိုင် ၁၄ ရက် နံနက် ၂ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ တောင်ပြိုကျေးရွာရှိ အောင်စိုးဦး၏နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄ ပြား  သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ  နံနက် ၄ နာရီတွင် ၎င်းနေအိမ်နှင့်ဘေးချင်းကပ်ရှိ သောင်းဝင်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂၀၄ ပြားနှင့် လက်လုပ်ဂက်စ်သေနတ် ၂ လက်၊ ဓားဦးချွန် တစ်ချောင်း၊ သံပြားချွန် တစ်ချောင်း၊ စကေဘာ တစ်ချောင်း၊ ဘောလုံးမီးပန်း ၁၀ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၄ နာရီ ၄၅  မိနစ်တွင် ရှမ်းချောင်းကျေးရွာနေ မျိုးသန့် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဇနီးဖြစ်သူ မသန္တာစိုးကို တွေ့ရှိရပြီး နေအိမ်ခြံဝင်း အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၁၈၄ ပြား၊ အိုက်စ် သုည ဒသမ ၀၂၅ ကီလို၊ ဆေးခြောက် သုည ဒသမ ၀၀၄ ကီလို၊ ဘိန်းစာမှုန့် သုည ဒသမ ၂၄ ကီလိုနှင့် လက်လုပ်ဂက်စ်သေနတ် တစ်လက်၊ ဓားဦးချွန် ၂ ချောင်း၊ ရေခဲဖြတ်လွှ တစ်ချောင်းတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

ဇူလိုင်လ ၁၅ ရက် ည ၇ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ စိုးဝင်း(ခ) လောက်ကျိုင် အားစစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၅ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ လားရှိုးမြို့နယ်၊ လွယ်လောဝ်ကျေးရွာနေ ကိုးဖိန်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃,၆၀၀ ပြားနှင့် ဘိန်းဖြူ သုည ဒသမ ၆၉ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

ဇူလိုင် ၁၅ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ကွမ်းလုံမြို့နယ်၊ ရှင်လုံကြိုက်ကျေးရွာအနီးတွင် ဖုန်လောက်ဖျင် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၂ ကီလိုတို့ကို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ပြိန်းရဲကျေးရွာအုပ်စု၊ ခုံကျုပ်ကျေးရွာရှိ ၎င်း၏နေအိမ်ကို ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၃၀၀ ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)