မြဝတီ ၁၅ ဇွန်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် မှ တာဝန်ယူဆောင်ရွက်သော မြဝတီ - ဝေါလေ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် အဆိုပါလမ်းအပိုင်းရှိ လမ်းဖွင့်ပွဲ မုခ်ဦးရှေ့၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်မှ စောမူရှေး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အဖွင့်အမှာ စကားပြောကြားရာ၌ ယနေ့ဖွင့်လှစ်သည့် မြဝတီ - ဝေါလေလမ်းသည် ယခင်က မြေလမ်းနှင့် အမာခံလမ်းအဆင့်သာရှိရာမှ ယခုအခါ ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်း အဆင့်သို့ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မြဝတီ-ဝေါလေလမ်းသည် သောင်ရင်းမြစ် အနောက်ဘက်ကမ်းနှင့် ဒေါနတောင်တန်း အရှေ့ဘက်ခြမ်းတွင် တည်ရှိသည့်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသည့်လမ်း တစ်လမ်းဖြစ် ပါကြောင်း၊ မြဝတီ-ဝေါလေလမ်းသည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဖြတ်သန်း ဖောက်လုပ်ထားခြင်းဖြစ်သည့်အတွက် နယ်စပ်ဒေသတစ်လျှောက် နေထိုင်ကြသည့် ဒေသခံပြည်သူများအတွက် အလွန်အရေးပါသည့် လမ်းတစ်လမ်းဖြစ်သကဲ့သို့ တစ်ဖက် နိုင်ငံနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရာတွင်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်သွားသည့်အတွက် ဒေသထွက်ကုန်များကို အချိန်တိုအတွင်း ကူးသန်းရောင်းဝယ် နိုင်ကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မြဝတီ-ဝေါလေလမ်းကို ကွန်ကရစ်လမ်း အဖြစ် ဆောင်ရွက် နိုင်ရန် ရန်ပုံငွေများ ခွင့်ပြုပေးရခြင်းသည် ကရင်ပြည်နယ်အတွင်း လမ်း၊ တံတား အခြေခံအဆောက်အဦများတိုးတက်ပြီး ဒေသခံတိုင်းရင်းသားပြည်သူ များ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာရန်ဖြစ်ပါကြောင်း။
ယခင်က ကရင်ပြည်နယ်သည် ငြိမ်းချမ်းမှု ဆိတ်သုန်းခဲ့ခြင်းကြောင့် အခြေခံ အဆောက်အဦဖြစ်သည့် လမ်း၊ တံတားများ တိုးတက်တည်ဆောက်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ ဘဲ ယခုအခါတွင် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ဆန္ဒနှင့်အညီ ကရင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းများကို အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ပြီး ငြိမ်းချမ်းလျက်ရှိခြင်းကြောင့် လမ်း၊ တံတား အဆောက်အဦများကို တိုးတက်တည် ဆောက်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ တိုးတက်တည်ဆောက်ပေးခဲ့သည့် လမ်း၊ တံတား များကို ဒေသခံပြည်သူများက ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုပါကြောင်း၊ မြဝတီ-ဝေါလေ လမ်းကြီးဖြစ် ပေါ်လာအောင် အဘက်ဘက်က ကူညီစွမ်း ဆောင်ပေးခဲ့သည့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၊ ဒေသခံပြည်သူများ ကို အထူးပင်ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယနေ့ဖွင့်လှစ်သည့် မြဝတီ-ဝေါလေလမ်းသည် မြဝတီမြို့မှ ဝေါလေမြိုင်မြို့ကို ဆက် သွယ်ထားသော လမ်းကြောင်းဖြစ်ပြီး အရှည်(၄၄)မိုင် (၇)ဖာလုံရှည်လျားပြီး ယခင်က (၁၂)မိုင်ခန့်သာ ကတ္တရာလမ်းအဖြစ်ရှိခဲ့ရာ ကျန်သည့် (၃၂)မိုင် (၇)ဖာလုံခန့်သည် အမာခံလမ်းအဆင့် သာရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိရရှိသည့် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေ ငွေကျပ် (၈၈၀၇ ဒသမ ဝ၄)သန်းနှင့် (၁၈)ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် မြဝတီ-ဝေါလေလမ်း တစ်လျှောက် ပေ(၅၀)အောက် ကွန်က ရစ်တံတား (၅၁)စင်းပေ(၁၈၀)အထက် တံတားတစ်စင်းနှင့် ကွန်ကရစ်ရေပြွန် (၆၄)စင်း ကို လည်းတည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ လမ်း၊ တံတားများကို အဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်နှင့် အချိန်ကိုလျော့ချ နိုင်ရန် ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ခုနှစ်တွင် လက်ရှိလမ်းများကို ASEAN Class III (၁၈) ပေအကျယ် ကတ္တရာလမ်း / ကွန်ကရစ်လမ်းအဆင့် အနည်းဆုံးရောက်ရှိရန်၊ မျှော်မှန်း ချက်ဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လမ်း၊ တံတားများနှင့် မြို့ပြဒေသများ အချိုးညီဖွံ့ဖြိုးတိုးတက် လာစေရန်တို့ကို အဓိကဦးတည်ပြီး ဆောင်ရွက် လျက်ရှိပါကြောင်း။
မြဝတီ-ဝေါလေလမ်းသည် မြဝတီမြို့နှင့် ဝေါလေမြိုင်မြို့ကို ဆက်သွယ်သည့် မြို့ ချင်းဆက်လမ်းဖြစ်သော်လည်း ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် တည်ရှိခြင်းကြောင့် နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများအတွက် ကုန်စည် ကူးသန်းရောင်းဝယ်ရာ တွင် အချက်အချာကျသည့် လမ်းတစ်လမ်းအဖြစ် တည်ရှိနေမည်ဖြစ်ပါကြောင်း၊ ယခု အခါမှာ ရင်ပြည်နယ်သည် ရာနှုန်းပြည့်နီးပါး ငြိမ်းချမ်းခြင်းကြောင့် လမ်း၊ တံတားများ တိုးတက်ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံတော်က အကုန်အကျခံ တည်ဆောက်ပေးထားသည့် မြဝတီ-ဝေါလေလမ်းကို ဒေသခံပြည်သူများ စိတ်ချမ်းမြေ့စွာ ကူးသန်းသွားလာ ဆက်သွယ်နိုင် အောင် ဝိုင်းဝန်းထိန်းသိမ်းပေးစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်မှ စောမူရှေးက ကရင်ပြည် နယ်အတွင်း ငြိမ်းချမ်းရေးဆောင်ရွက်ချက်များနှင့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြဝတီ-ဝေါလေ ကွန်ကရစ်လမ်းသစ်အား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်မှ စောမူရှေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြဝတီ-ဝေါလေ ကွန်ကရစ်လမ်းသစ် အား ဖြတ်သန်းကြည့်ရှုကြသည်။
(သတင်းစဉ်)
