မြဝတီ ၁၇ မေ 

 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ ယနေ့ မေ ၁၇ ရက်တွင် မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  မြန်မာနိုင်ငံသား ၉၀  ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များ ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မေ ၁ ရက်တွင် ၆၀  ဦး၊ မေ ၂ ရက်တွင် ၅၄ ဦး၊ မေ ၃ ရက်တွင် ၁ ဦး၊ မေ ၄ ရက်တွင် ၄၄ ဦး၊ မေ ၅ ရက်တွင် ၂၃ ဦး၊ မေ ၆ ရက်နှင့် မေ ၇ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ  မေ ၈ ရက်တွင် ၁၀၀  ဦး၊ မေ ၉ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၁၀ ရက်တွင် ၄၄ ဦး၊ မေ ၁၁ ရက်တွင် ၁၃ ဦး၊  မေ  ၁၂ ရက်တွင် ၄၁ ဦး၊ မေ ၁၃ ရက်တွင် ၁၆ ဦး၊ မေ ၁၄ ရက်တွင် ၃၈ ဦး၊  မေ ၁၅ ရက်တွင် ၁၂၀  ဦး၊ မေ ၁၆ ရက်တွင် ၇၆ ဦးနှင့် ယနေ့ ( မေ ၁၇ ရက်)တွင် ၉၀ ဦး ပြန်လည်ဝင်ရောက်ခဲ့ရာ စုစုပေါင်း ၇၂၀  ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

 

အဆိုပါ နေ့အလိုက် ပြန်လည်ဝင်ရောက်သူများအနက် မေ ၁၃ ရက်မှ ၁၅ ရက်အထိ ပြန်လည်ဝင်ရောက်သူများနှင့် ယနေ့   ဝင်ရောက်သူ ၉၀  အနက် ၄၅ ဦးတို့သည် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးသော သူများနှင့် အချုပ်မှ ပြန်လည် လွတ်မြောက်လာသူများ ဖြစ်သဖြင့် ထိုင်းနိုင်ငံတာဝန်ရှိသူများက လာရောက်လွှဲပြောင်း ပို့ဆောင်ပေးခြင်း ဖြစ်သည်။

 

ယနေ့ ပြန်လည်ဝင်ရောက်သူများအနေဖြင့် ကရင်ပြည်နယ်မှ ၂၀ ဦး ၊ မွန်ပြည်နယ်မှ ၁၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂၇ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၅ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၅ ဦး၊ နေပြည်တော်မှ ၄ ဦး၊ ရှမ်းပြည်နယ်မှ ၆ ဦး၊ တနင်္သာရီ ၁ ဦး၊ ရခိုင်ပြည်နယ်မှ ၁ ဦးနှင့်  ဧရာဝတီတိုင်းဒေသကြီးမှ ၃ ဦး စုစုပေါင်း ၉၀  ဦးဖြစ်ကြောင်း သိရသည်။   

 

ထိန်လင်းအောင်(ပြန်/ဆက်)