မြဝတီ ၁ ဇွန်
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မေ ၁ ရက်မှစ၍ လက်ခံခဲ့ရာ ယနေ့တွင် မြဝတီ အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ၁၀၄၃ ဦး ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက် ၃၀၈ ဦးသည် ထိုင်းနိုင်ငံ၊ မော်ချစ်ကားဂိတ်မှ ကား ၁၅ စီးဖြင့် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှုထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ပြီး ကျန် ၇၃၅ ဦးသည် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်သည်။
ပြန်လည် ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက် နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်က ၆၀ ၊ မေ ၂ ရက်က ၅၄ ၊ မေ ၃ ရက်က ၁ ဦး ၊ မေ ၄ ရက်က ၄၄ ဦး၊ မေ ၅ ရက်က ၂၃ ဦး ၊ မေ ၆ ရက်နှင့် ၇ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၈ ရက်က ၁၀၀ ၊ မေ ၉ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၁၀ ရက်တွင် ၄၄ ဦး၊ မေ ၁၁ ရက်တွင် ၁၃ ဦး၊ မေ ၁၂ ရက်တွင် ၄၁ ဦး၊ မေ ၁၃ ရက်တွင် ၁၆ ဦး၊ မေ ၁၄ ရက်တွင် ၃၈ ဦး ၊ မေ ၁၅ ရက်တွင် ၁၂၀ ၊ မေ ၁၆ ရက်တွင် ၇၆ ဦး ၊ မေ ၁၇ ရက်တွင် ၉၀ ၊ မေ ၁၈ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၁၉ ရက်တွင် ၆၄ ဦး၊ မေ ၂၀ ရက်နှင့် ၂၁ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၂၃ ရက်တွင် ၆၀၄ ဦး ၊ မေ ၂၄ ရက်တွင် ၁၁၁၈ ဦး၊ မေ ၂၅ ရက်တွင် ၁၂၇၇ ဦး ၊ မေ ၂၆ ရက်တွင် ၁၃၉၄ ဦး၊ မေ ၂၇ ရက်တွင် ၁၄၃၄ ဦး ၊ မေ ၂၈ ရက်တွင် ၁၁၆၈ ဦး၊ မေ ၂၉ ရက်တွင် ၁၂၀၂ ဦး၊ မေ ၃၀ ရက်တွင် ၁၁၅၂ ဦး ၊ မေ ၃၁ ရက်တွင် ၁၅၁၁ ဦး၊ ယနေ့တွင် ၁၀၄၃ ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၁၂၆၈၇ ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ နေ့အလိုက် ပြန်လည်ဝင်ရောက်သူများအနက် မေ ၁၃ ရက်မှ ၁၅ ရက်အထိ ပြန်လည်ဝင်ရောက်သူများနှင့် မေ ၁၇ ရက်ဝင်ရောက်သူ ၉၀ အနက် ၄၅ ဦး၊ မေ ၂၇ ရက်ဝင်ရောက်သူ ၁၄၃၄ ဦးအနက် ၅၂ ဦးတို့အနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးသောသူများနှင့် အချုပ်မှ ပြန်လည်လွတ်မြောက်လာသူများဖြစ်သဖြင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများက လာရောက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက်သူများ အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၆၄၇ ဦး၊ အမျိုးသမီး ၃၉၆ ဦး စုစုပေါင်း ၁၀၄၃ ဦးဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


