မြဝတီ၊ ၂၉ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ရှိ ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်း၍ အဆိုပါနေရာတွင် ပေ(၁၀၀X၃၀) RCC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည်။
ပန္နက်တင်အခမ်းအနားသို့ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းဆောင်သစ် ဆောက်လုပ်မည့်နေရာအား ပန္နက်တိုင် ရိုက်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းဆောင်သစ်ကို သပြေသုခဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်များတွင် နိုင်ငံတော်ဘတ်ဂျက်ငွေကျပ် ၁၆၀ ဒသမ ၄၀ သန်းဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်


