မြဝတီ၊ ၁၈ မေ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့၌ အဓိကမိန်းလမ်းမကြီး နှစ်ခုဖြစ်သည့် ဘုရင့်နောင်လမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းမကြီး နှစ်ခုတွင် ဗိုလ်ချုပ်လမ်းမကြီးအား နိုင်လွန်ကတ္တရာခင်းခြင်းကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗိုလ်ချုပ်လမ်းသည် ကွန်ကရစ်လမ်းဖြစ်ကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၃၄၅ ဒသမ ၀၁၅ သန်းဖြင့် နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်သည်။

လုပ်ငန်းဆောင်ရွက်ခြင်းကို တင်ဒါအောင် ဆုံဆည်းမြိုင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေပြီး အကျယ် ၂၂ ပေနှင့် အရှည် ၁ ဒသမ ၁၄ မိုင်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ လုပ်ငန်းဆောင်ရွက်နေမှုများအား မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစောရောဘတ်ထူးနှင့် တာဝန်ရှိသူများ၊ တာဝန်ခံ အင်ဂျင်နီယာ ဦးသိန်းနိုင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့တွင် ဘုရင့်နောင်လမ်းမကြီးပြီးလျှင် ယခု ဗိုလ်ချုပ်လမ်းသည် ပထမဆုံးအကြိမ်အဖြစ် နိုင်လွန်ကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)

mdn